အမ်ဘာပေမဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်ကိုသာ အဓိကအာရုံစိုက်သွားရမယ်လို့ အခိုင်အမာပြောကြားခဲ့တဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ဒီည၊ ဆော်ဒီမြေ စပိန်စူပါဖလားဗိုလ်လုပွဲမှာ အမ်ဘာပေပြန်ကစားနိုင်မယ့် အလားအလာထက် ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကိုသာ သူ့ရဲ့အသင်း အဓိကအာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အသက်-၂၇ နှစ်အရွယ်တိုက်စစ်မှူးအမ်ဘာပေက မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်သားက ဆော်ဒီနိုင်ငံဆီ လေယာဉ်ဖြင့်ရောက်ရှိလာပြီး အခုသီတင်းပတ်ကုန်မှာကျင်းပမယ့် ဗိုလ်လုပွဲကို ပါဝင်ကစားဖို့ အခြေအနေကောင်းလာပါတယ်။
ပြင်သစ်တိုက်စစ်မှူးက အခုရာသီ၊ ပြိုင်ပွဲစုံ ၂၉ ဂိုးအထိ သွင်းယူထားပြီး အယ်လ်ကလက်စီကိုပွဲစဉ်ငါးခုမှာလည်း ခြောက်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါပေမဲ့ အခုလိုပွဲစဉ်မျိုးမှာ ဘာစီလိုနာအောင်ပွဲအဖြစ် အမြဲတမ်းအဆုံးသတ်လေ့ရှိတယ်ဆိုတဲ့အချက်ကို ထောက်ပြဖို့ ဟန်စီဖလစ်ခ်စိတ်အားထက်သန်နေခဲ့ပါတယ်။
ဘာစီလိုနာရဲ့ခံစစ်လိုင်းမြှင့်တင်ထားမှုအတွက် အမ်ဘာပေဟာ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းကို ဟန်စီဖလစ်ခ်က “ ပြီးခဲ့တဲ့တစ်နှစ်ခွဲတာကာလအတွင်း ကျွန်တော်တို့အသင်းကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ် ဘယ်လောက်ရှိသလဲ?
ငါးပွဲကစားခဲ့ရာမှာ တစ်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အိုကေလား? ဒါပါပဲ။ အမ်ဘာပေဆိုတာ အံ့ဖွယ်ကစားသမားတစ်ဦး ဖြစ်ပြီး နေရာလွတ်သာရရှိမယ်ဆိုရင် သူ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်လည်း ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကလပ်အသင်းတစ်ခုနဲ့ ယှဉ်ပြိုင်သွားဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့အမြဲတမ်းလုပ်နေတဲ့အရာတွေနဲ့ ကျွန်တော်တို့ အသားကျသွားပါလိမ့်မယ်။ ဒါက အမ်ဘာပေအကြောင်း မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်အကြောင်းနဲ့ ကျွန်တော်တို့အသင်းကစားချင်တဲ့ပုံစံကို ရှင်းပြတာပါ။ ကျွန်တော်တို့က ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ကစားဟန်ကိုပဲ အာရုံစိုက်ထားပါတယ်။
ဘာစီလိုနာပုံစံမျိုးပဲ ကစားချင်ပါတယ်။ ဘာစီလိုနာစတိုင်က ရီးရဲလ်မက်ဒရစ်နဲ့ မတူပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
အမ်ဘာပေရဲ့အခုရာသီပုံစံကောင်းပြသနေမှုနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်က ကမ္ဘာပေါ်မှာ ပြင်သစ်သားထက် ပိုကောင်းတဲ့တိုက်စစ်မှူး မရှိဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂျာမန်လူမျိုးနည်းပြက “ လက်ရှိအချိန်မှာ အမ်ဘာပေဆိုတာ အကောင်းဆုံးတိုက်စစ်မှူးပါပဲ။ သူက ဂိုးတွေ အများကြီးသွင်းယူထားပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အမ်ဘာပေက အခုရာသီအစောပိုင်း၊ ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီး ဟန်စီဖလစ်ခ်လက်အောက် ကတ္တလန်သားတွေရဲ့အယ်လ်ကလက်စီကိုနောက်ဆုံးလေးပွဲဆက်အနိုင်ရရှိထားမှု မှတ်တမ်းကောင်း ရပ်တန့်သွားအောင် အကောင်းဆုံးကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၊ ပထမဆုံးအကြိမ်အယ်လ်ကလက်စီကိုရှုံးနိမ့်မှုနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်က “ ဒါက တစ်ပွဲတည်းပါပဲ။ အဲ့ဒီပွဲစဉ်အပြီးမှာ ကျွန်တော်တို့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ လိုအပ်နေတဲ့အရာအပေါ် အာရုံစိုက်ပြီး ပိုကောင်းအောင်ကစားကာ ပိုပြီးလည်း အောင်မြင်ခဲ့ပါတယ်။ ဒါ အဓိကအချက်ပါ။
အသင်းက အခုပွဲစဉ်ကို အလွန်အာရုံစိုက်ထားပါတယ်။ အခုလက်ရှိအခြေအနေအပေါ် ကျွန်တော်လည်း ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးအဆင့်အတန်းမျိုးမှာ ကစားသွားချင်ပါတယ်။ အသင်းနဲ့ပတ်သက်လို့လည်း ကောင်းမွန်တဲ့ခံစားချက်တစ်ခု ရှိနေပါပြီ။ မနက်ဖြန်မှာ ကျွန်တော်တို့အသင်း ဘယ်လောက်ကောင်းသလဲဆိုတာ ပြသသွားရပါမယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်က စပိန်စူပါဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ စတုတ္ထအကြိမ်မြောက် ထိပ်တိုက်တွေဆုံမှုဖြစ်ပါတယ်။
ဒီဗိုလ်လုပွဲကို ကာလရှည်အနားယူနေရတဲ့ ဂါဗီနဲ့ ခရစ္စတန်ဆန်တို့သာ လွဲချော်သွားမယ်လို့ ဟန်စီဖလစ်ခ် အတည်ပြုခဲ့ပြီး လမိုင်းယာမယ်လ်ကတော့ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။