
ဘာပေလိုကစားသမားမျိုးခေါ်ယူဖို့မတတ်နိုင်ကြောင်း အင်တာအမှုဆောင် မိုရာတာဆို
အင်တာမီလန်အသင်းအမှုဆောင် မိုရာတာက မိမိတို့အီတလီကလပ်တွေအနေနဲ့ ဘာပေလိုကစားသမားမျိုးကို ခေါ်ယူဖို့ မတတ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ပရာဟာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတိုးတက်လာမှုကို ချီးကျူးခဲ့ပြီး ဥရောပလိဂ်တွေ နဲ့ အီတလီလိဂ်ကြား ဘဏ္ဍာရေးကွာဟမှုကို ထောက်ပြခဲ့ပါတယ်။
အင်တာမီလန်စီးအီးအိုက အီတလီလိဂ်ဟာ မော်ဒန်ဘောလုံးဈေးကွက်မှာ နေရာသိပ်မရသလို အသက် ၄၀ အရွယ် မိုဒရစ်လိုကစားသမားမျိုးကိုသာ ခေါ်ယူနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ မာရော့တာက အေစီမီလန်မှာ မိုဒရစ်လိုကစားသမားမျိုးကိုမြင်ရတာဟာ လိဂ်အနေနဲ့ ဘာပေလိုကစားသမားမျိုးကိုမခေါ်ယူနိုင်ဘူးဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။
“ဘာပေလိုကစားသမားမျိုးကို အီတလီမြေခေါ်ယူနိုင်ဖို့ဆိုတာက အခုအခြေအနေမှာမဖြစ်နိုင်ပါဘူး။ စီးရီးအေမှာ ချန်ပီယံတစ်ဦးပဲရှိပါတယ်။ အဲ့တာက မိုဒရစ်ဖြစ်သလို အသက် ၄၀ အရွယ်ရှိနေပြီဖြစ်ပါတယ်”လို့ မာရော့တာက ပြောကြားခဲ့ပါတယ်။
“အီတလီလိဂ်ဟာ ဈေးကွက်ထဲမှာ အခြားလိဂ်တွေနဲ့ယှဉ်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ အင်္ဂလန်မှာဆိုရင် ရုပ်သံဝင်ငွေကြောင့် လိဂ်အဆင့်အလယ်ကအသင်းတွေတောင် နာမည်ကြီးတွေကို ဆွဲဆောင်နိုင်ပါတယ်။ စပိန် နဲ့ ပြင်သစ်လိဂ်တွေကလည်း အတူတူပါပဲ။ အီတလီမှာတော့ အခုလိုမျိုးလုပ်ဆောင်နိုင်ဖို့ဆိုတာ တော်တော်လေးရုန်းကန်ရပါတယ်”လို့ မာရော့တာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘာပေဟာ အခုအပတ်တုန်းက ချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို မိုဒရစ်ရဲ့လွှမ်းမိုးမှုကြောင့် စီးရီးအေကလည်း နာမည်ရလာပါတယ်။ နာပိုလီကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရီးရဲလ်စတားဟောင်းရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။
မာရော့တာက စီးရီးအေအနေနဲ့ ရုပ်သံထုတ်လွှင့်တာကို အဓိကအာရုံစိုက်ဖို့ ထောက်ပြနေတာဖြစ်ပါတယ်။ ဒါ့အပြင် မိုဒရစ် ၊ ဒီဘရိုင်းတို့လိုကစားသမားမျိုးဆွဲဆောင်နိုင်ပေမယ့် ရုန်းကန်နေရဆဲလို့ ဆိုပါတယ်။ အင်တာဟာ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းနေပြီး အေဂျက် နဲ့ ဆလားဗီးယားအသင်းတွေကို အနိုင်ယူထားနိုင်ခဲ့ကာ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ချီဗူရဲ့အသင်းဟာ ပြည်တွင်းလိဂ် နဲ့ ဥရောပပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနိုင်ဖို့ လိုအပ်နေပါတယ်။