The network connection is lost.

Banner Image

ဇာ‌ဗီဆိုင်မွန်ထံမှ ပိုမိုကောင်းမွန်တဲ့ကစားဟန်ကို အလိုရှိကြောင်း ပြောကြားလိုက်တဲ့ ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မတိုင်မီ သူဟာ အသင်းရဲ့တိုက်စစ်ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်ထံမှ လက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ကစားဟန်မျိုး အလိုရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဆိုင်မွန်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ တော့တင်ဟမ်သို့ ယူရိုသန်း ၆၀ နဲ့စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာတော့ ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရပါတယ်။ 

ယခုအခါမှာ ဖရန့်ခ်က "ဆိုင်မွန်က ကျွန်တော်တို့နဲ့အတူ ၈ ပတ်လောက်အထိ အတူတူနေခဲ့ပြီးပါပြီ။ ဒီအချိန်ပမာဏက များတယ်ပြောလို့ရသလို၊ နည်းတယ်လို့လည်းပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ရဲ့စိတ်ဓာတ်ပိုင်းကို အတော်လေးသဘောကျမိပါတယ်။ ကျွန်‌တော်တို့ သူ့ဆီကလိုချင်တာ ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပြင်းထန်မှုပါ"

"ဒါပေမယ့် ကျွန်တော့်ရဲ့အမြင်အရတော့ သူ့မှာကောင်းမွန်တဲ့ပေးပို့မှုတွေနဲ့ အမြင်တွေရှိနေပါတယ်။ ကျွန်တော်တို့နဲ့ပြုလုပ်ခဲ့တဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ သူအရမ်းကောင်းခဲ့ပြီး ကြိုးစားမှုတွေလည်းပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နွေရာသီအတွင်း တော့တင်ဟမ်‌ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ပီအက်စ်ဂျီကြယ်ပွင့် ကိုလိုမူအာနီကလည်း တစ်ယောက်အပါအဝင်ဖြစ်ပေမယ့် ကစားသမားဟာ အသင်းအတွက် ပွဲထွက်ပါဝင်နိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ မူအာနီဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီမှ တော့တင်ဟမ်သို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာကို ၁-၂ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

မူအာနီနဲ့ပတ်သက်ပြီး ဖရန့်ခ်က "သူက ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ပါဝင်နိုင်ဖို့ ခက်ခဲနေတာပါ။ မိနစ် ၉၀ အပြည့်ကစားနိုင်ဖို့တော့ မလွယ်သေးပါဘူး။ ဒါပေမယ့် အဲဗာတန်နဲ့ပွဲမှာ သူ့ကိုအသုံးပြုနိုင်လို့ ဒါကတော့ အပြုသဘောဆောင်တဲ့သတင်းတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ရမှတ် ၁၄ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေပြီး လာမယ့်တနင်္ဂနွေနေ့ အဲဗာတန်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။