အယ်လ်ဘာစီတီကိုရှုံးနိမ့်မှုအတွက် သူ့မှာပဲတာဝန်ရှိကြောင်း ရီးရဲလ်နည်းပြသစ် ဝန်ခံ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါဒယ်ရေး ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်ဘာစီတီကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနည်းပြသစ် အယ်လ်ဗာရိုအာဘီလိုအာက ယခုရှုံးပွဲအတွက် သူတစ်ယောက်တည်းမှာပဲတာဝန်ရှိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့ ယခုပွဲစဉ်မှာ အယ်လ်ဘာစီတီရဲ့ဦးဆောင်မှု ၂ ကြိမ်ကို ၂ ကြိမ်စလုံးပြန်လည် ချေပနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဂိုးထပ်ပေးလိုက်ရတာကြောင့် ၃-၂ ဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကို စောစောစီးစီးပဲလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမယ့် အာဘီလိုအာက အဖွင့်ပွဲမှာပဲ ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ပွဲအပြီးမှာ အာဘီလိုအာက "ဒီကလပ်မှာ သရေကျတယ်ဆိုရင်တောင် တော်တော်ကြေကွဲစရာဖြစ်နေပါပြီ။ အခုလို ရှုံးပါရှုံးနိမ့်ခဲ့တော့ ပိုပြီးတော့ နာကျင်ရသလို၊ ပရိသတ်တွေအတွက်လည်း ဝမ်းနည်းမိပါတယ်။ လူစာရင်းရွေးချယ်မှုနဲ့ လူစားလဲမှုတွေက ကျွန်တော်ပဲ ကိုင်တွယ်ခဲ့တာဖြစ်လို့ ကျွန်တော့်မှာပဲတာဝန်ရှိပြီး ကျွန်တော်ပဲ အပြစ်ရှိတာပါ။ ဒါကို ကျရှုံးမှုလို့ ခေါ်မယ်ဆိုရင်လည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျရှုံးမှုဆိုတာ အောင်မြင်မှုဆီသွားတဲ့ လမ်းကြောင်းပေါ်က အရာတစ်ခုပါ။ ဒါက ကျွန်တော့်ကိုရော အသင်းကိုရော ပိုကောင်းလာအောင် လုပ်ပေးပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
အာဘီလိုအာဟာ ယခုပွဲစဉ်မှာ အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂျုဒ်ဘယ်လင်ဟမ်နဲ့ ခီလီယမ်အမ်ဘာပေတို့ကို အနားပေးခဲ့တာကြောင့် အဆိုပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
သို့သော်လည်း သူက "ကျွန်တော့်ရဲ့ ကစားသမားစာရင်းက မှန်ကန်တယ်လို့ အခုထိ ယုံကြည်နေတုန်းပါ။ ကျွန်တော့်မှာ ထက်မြက်တဲ့ ကစားသမားတွေရှိပါတယ်။ နည်းပြသစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တောင်းဆိုသမျှကို ကစားသမားတွေအနေနဲ့ ချက်ချင်းလုပ်ပြဖို့ဆိုတာ ခက်ခဲပါတယ်။ အခုတော့ စနေနေ့ပွဲအတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်ရပါမယ်" လို့တုံ့ပြန်ခဲ့ပါတယ်။
ယခုရှုံးနိမ့်မှုအတွက် အသင်းဥက္ကဌပီရက်ဇ်ကို ဘယ်လိုရှင်းပြမလဲဆိုတဲ့ မေးခွန်းကို အာဘီလိုအာက "သူ့ကို ရှင်းပြနေဖို့ မလိုပါဘူး။ သူက ဒီကိစ္စတွေမှာ ကျွန်တော့်ထက် ပိုသိပါတယ်။ ကျွန်တော်တို့ဟာ အောင်နိုင်သူတွေဖြစ်တဲ့သလို အရင်ကလည်း နာကျင်စရာ ရှုံးနိမ့်မှုတွေ ကြုံဖူးပါတယ်။ ကျွန်တော်တို့ အနာဂတ်ကိုပဲ ဆက်ကြည့်သွားမှာပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။