စတမ်းဖို့ဒ်ဘရစ်ချ်နိုင်ပွဲအတွက် အာဆင်နယ်ရဲ့သွင်းဂိုးရှင်တွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အာတီတာ
ဒီနေ့မနက်ပိုင်း၊ ချဲလ်ဆီးကိုအနိုင်ယူခဲ့တဲ့ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အာဆင်နယ်ကစားသမားတွေကိုယ်တိုင် အဆုံးအဖြတ်ဂိုးတွေမျှဝေသွင်းယူမှု ကို မြင်တွေ့ရလို့ နည်းပြအာတီတာ ဝမ်းသာကျေနပ်နေပါတယ်။
ဒီပွဲစဉ်မှာ ဂန်းနားတွေက ဘန်ဝှိုက်၊ ယောကရက်စ်၊ ဇူဘီမန်ဒီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂-၃ ဂိုးဆိုတဲ့ရလဒ်ဖြင့် နိုင်ပွဲဖော်ဆောင်ခဲ့ပါတယ်။ အာတီတာက “ ကျွန်တော်တို့အချင်းချင်းအကြားလိုအပ်နေချိန် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဘန်ဝှိုက်ဆိုရင်လည်း ဒီညမှာ ခြေစွမ်းပြကစားခဲ့ပါတယ်။ အခုလိုပြောရတာလည်း အသားကျနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဘန်ဝှိုက်က ကျွန်တော်တို့နဲ့ရှိနေချိန်တိုင်း အခုလိုစွမ်းဆောင်ရည်မျိုး ပြသခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီည၊ ကျွန်တော်တို့အသင်းမှာ တစ်ချင်းစွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုအချို့ ရှိခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ယောကရက်စ်နဲ့ပတ်သက်ပြီး စပိန်သားနည်းပြက “ ကျွန်တော့်အမြင်အရ သူ့ဆီမှာ အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခု ရှိခဲ့တယ်လို့ ထင်ပါတယ်။ သူက ပြိုင်ဘက်အတွက် ပုံသေခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနေ့အတွက်ဆိုရင် သူက ကျွန်တော်တို့အမှန်တကယ်လိုအပ်နေတဲ့နည်းလမ်းမျိုးနဲ့ အသင်းကို ကူညီပေးခဲ့ပါတယ်။ သူကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ်တစ်ဂိုးလောက် ထပ်သွင်းယူနိုင်သင့်တယ်”လို့ ဆိုပါတယ်။
အလားတူ အာတီတာက အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဖြစ်လာတဲ့ ဇူဘီမန်ဒီရဲ့သွင်းဂိုးကိုလည်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဂန်းနားနည်းပြက “ မယုံကြည်နိုင်စရာ လှပလွန်းတဲ့သွင်းဂိုး ဖြစ်ပါတယ်။ ဂိုးဧရိယာအတွင်းမှာရော၊ ဂိုးဧရိယာပြင်ပမှာပါ ဇူဘီမန်ဒီက တည်ငြိမ်မှု ပြသခဲ့ပါတယ်။ သူက ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်ပြီး ဒီသွင်းဂိုးဟာလည်း ကျွန်တော်တို့အတွက် အလွန်အဖိုးတန်ပါတယ်။
ပထမဆုံးအနေနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပြင် နိုင်ပွဲပါရရှိလို့ အလွန်ကျေနပ်မိပါတယ်။ ဒီကွင်းမှာ လာရောက်ကစားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ပြိုင်ဘက်က ထိပ်တန်းကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ ထိပ်တန်းကလပ်အသင်းတစ်ခုပါ။ ကျွန်တော်တို့ကစားချင်တဲ့စိတ်ပိုင်းဖြတ်မှုပုံစံမျိုးမှာ အသင်းက နောက်ထပ်ခြေလှမ်းသစ်တစ်ခု ချမှတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။