The network connection is lost.

Banner Image

‌ဂျော်ဂျီယာနဲ့ပွဲစဉ်ကို ရီးရဲလ်ကြယ်ပွင့်ဟွိုင်ဆန်ဘာကြောင့် လွဲချော်ခဲ့သလဲ ရှင်းပြလာတဲ့ ဖွန်တေ

စပိန်လက်ရွေးစင်နည်းပြလူးဝစ်ဒီလာဖွန်တေက စနေနေ့က ဂျော်ဂျီယာကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းရဲ့နောက်ခံကြယ်ပွင့် ဒင်းန်ဟွိုင်ဆန်တစ်ယောက် ဘာကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ အသက်-၂၀ နှစ်အရွယ်သာရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟာ ဂျော်ဂျီယာနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာမယ်လို့ ယူဆခဲ့ကြပေမယ့် လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ သေးငယ်တဲ့ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ ယခုအခါမှာတော့ ဖွန်တေက ကစားသမားရဲ့ဒဏ်ရာအခြေအနေနဲ့ ဗုဒ္ဓဟူးနေ့တူရကီနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ရှိမရှိ အသိပေးပြောကြားလာခဲ့ပါတယ်။

ဖွန်တေက "ဟွိုင်ဆန်က သက်တောင့်သက်သာမဖြစ်ပါဘူး။ ကျွန်တော်တို့ရဲ့အဓိက ဦးစားပေးက ကစားသမားတွေကိုဂရုစိုက်ဖို့ဖြစ်ပြီး ဒီနေ့မှာလည်း သူ့ရဲ့အခြေအနေကို စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ် ဆေးအဖွဲ့နဲ့လည်း အဆက်အသွယ်ရှိပါတယ်။ လောလောဆယ်မှာတော့ သူ့အနေနဲ့ နားနေလိုက်တာက ပိုကောင်းမယ်လို့ ယူဆပါတယ်"

"မနက်ဖြန်ကျရင်တော့ သူ့ရဲ့အခြေအနေကို တစ်ချက်စောင့်ကြည့်မှာဖြစ်ပြီး အသင်းရဲ့ဆေးအဖွဲ့က သူ့ကိုအခြေအနေကောင်းတယ်ဆိုရင် တူရကီနဲ့ပွဲမှာ ကစားခိုင်းသွားမှာပါ။ သူကလည်း အသင်းအတွက်တတ်နိုင်သလောက်ကစားပေးဖို့ ဆန္ဒရှိပါတယ်။ မနက်ဖြန် စစ်ဆေးမှုအပေါ်မူတည်ပြီး ဆုံးဖြတ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စပိန်အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့နီးစပ်လာတဲ့အပေါ် ဂုဏ်ယူမိကြောင်း ဖွန်တေက "ကျွန်တော့်ရဲ့ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီလိုထိပ်တန်းကစားသမားတွေပိုင်ဆိုင်ထားတာ ကျွန်တော့်အတွက်ကံကောင်းပါတယ်။ ရှေ့ဆက်သွားရမယ့်ခရီးကလည်း အရှည်ကြီးကျန်ပါသေးတယ်။ တိုးတက်ဖို့အတွက် မရပ်မနားအလုပ်လုပ်နေတဲ့လူငယ်လေးတွေကိုကြည့်ရတာ အားရစရာပါ။ သင်္ချာနည်းအရ ခြေစစ်ပွဲမအောင်သေးသရွေ့တော့ ကျွန်‌တော်တို့ အတတ်နိုင်ဆုံးကြိုးစားသွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။