အမ်ဘာပေကို စောစောစီးစီးလူစားလဲဖို့ ပြင်ဆင်ခဲ့ပေမယ့် အစီအစဉ်အတိုင်းဖြစ်မလာခဲ့ကြောင်း ဖွင့်ဟလာတဲ့ အလွန်ဆို
တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ မဟာပြိုင်ဘက်ဘာစီလိုနာကို ၃-၂ နဲ့အရေးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက သူ့အနေနဲ့ ယခုပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေကို စောစောစီးစီးလူစားလဲထည့်သွင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် အစီအစဉ်တွေပျက်ပြယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြင်သစ်စူပါဖလား အမ်ဘာပေဟာ ဒဏ်ရာပြဿနာကြုံတွေ့ထားတာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို လွဲချော်မယ်လို့ ကနဦးက ခန့်မှန်းထားကြပေမယ့် ကစားသမားဟာ ယခုပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပွဲကစားချိန် ၇၆ မိနစ်မှာ လူစားလဲဝင်ရောက်ခဲ့တာဖြစ်ပြီး အဆိုပါအချိန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ၃-၂ နဲ့အရေးနိမ့်နေချိန်လည်းဖြစ်ပါတယ်။
အမ်ဘာပေကို စောစောစီးစီးလူစားလဲဖို့ စီစဉ်ခဲ့ကြောင်းကို အလွန်ဆိုက "တတိယဂိုးမပေးရခင်မှာပဲ အမ်ဘာပေကိုလူစားလဲဖို့ပြင်ထားတာပါ။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားမှာ အမ်ဘာပေရဲ့ခြိမ်းခြောက်မှုတွေနဲ့အတူ ဖိအားပေးဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် သူဝင်လာချိန်မှာ ကျွန်တော်တို့က ရှုံးနေတော့ အစီအစဉ်တွေဖြစ်မလာခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အယ်လ်ကလက်စီကိုပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို အနိုင်ရထားခဲ့ပေမယ့် ယခုအခါမှာ ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် အလွန်ဆိုရဲ့နည်းပြရာထူးဟာလည်း ဖိအားတွေဝင်လာခဲ့ပါတယ်။
ဆက်လက်ပြီးအလွန်ဆိုက "ခံစားချက်တွေက ရောထွေးနေပါတယ်။ တစ်ဖက်မှာ ချန်ပီယံဆု မရခဲ့လို့ စိတ်ပျက်ရပေမဲ့ တစ်ဖက်မှာလည်း အသင်းသားတွေ အဆုံးအထိ အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပွဲက တကယ်ကို အကြိတ်အနယ်ရှိခဲ့တာပါ"
"ဒုတိယပိုင်းမှာ ဗင်နီစီးယက်စ်ရဲ့အကူအညီနဲ့ ဘယ်တောင်ပံမှာ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ ၃-၂ ဖြစ်သွားခဲ့ပါတယ်။ ချေပဂိုးပြန်ရပြီး ပင်နယ်တီအထိ ဆက်သွားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ချေပဂိုးပြန်မရခဲ့ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။