The network connection is lost.

Banner Image

ဒီရာသီမှာ ဘာစီလိုနာ ချန်ပီယံလိဂ်ဖလားရမှာမဟုတ်ဘူးလို့ ပြောကြားလာတဲ့ တိုနီခရူးစ်

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကွင်းလယ်လူဟောင်း တိုနီခရူးစ်က ယခုနှစ်ရာသီမှာ ဘာစီလိုနာဟာ ပြည်တွင်းဆုဖလားအောင်မြင်မှုတွေနဲ့သာ အဆုံးသတ်သွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ ဘာစီလိုနာဟာ မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့အနိုင်ယူပြီး စပိန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၄ မှတ်ဖြတ်ဦးဆောင်နေသလို၊ ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း အခြေအနေကောင်းနေတာကြောင့် အဆိုပါဆုဖလားတွေကိုလည်း ရယူနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

သို့သော်လည်း ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ဆိုးတွေရရှိနေတာကြောင့် နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့အတွက်တောင် ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်က ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ်ဆွတ်ခူးထားခဲ့တဲ့ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့ရာသီကလည်း ဆီမီးဖိုင်နယ်အထိသာ တက်လှမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ တိုနီခရူးစ်က "ဘာစီလိုနာက စပိန်စူပါဖလားရတာကို အရမ်းပျော်ရွှင်နေပါတယ်။ ဒါပေမယ့် အခုတော့ ချန်ပီယံလိဂ်ပွဲတွေ ပြန်လာပါတော့မယ်။ သူတို့ အဲဒီမှာ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာပါ။ ကျွန်တော့်အထင်တော့ ဒီရာသီမှာလည်း သူတို့ ချန်ပီယံလိဂ်ဖလားကို ရနိုင်ချေမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ကို အဓိကဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နေပေမယ့် အသင်းဟာ နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်ရောက်နိုင်မယ့် ထိပ်ဆုံး ၈ သင်းဝင်ဖို့အတွက်ပင်ရုန်းကန်နေရတာဖြစ်ပါတယ်။ လောလောဆယ်မှာ ဘာစီလိုနာဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းနဲ့ ရမှတ် ၂ မှတ်ကွာဟနေပေမယ့် လက်ကျန်ပွဲစဉ်တွေမှာ ဆလားဗီးယား၊ ကိုပင်ဟေဂင်တို့နဲ့ ကစားသွားရမှာဖြစ်လို့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အလားအလာရှိနေဆဲဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ပီဒရီ၊ လာမိုင်းယာမယ်လ်နဲ့ ရာဖင်ဟာတို့လို ကြယ်ပွင့်ကစားသမားကောင်းတွေပိုင်ဆိုင်ထားပေမယ့် လူစာရင်းက အပြည့်အဝ‌တောင့်တင်းမှုမရှိတာကြောင့် ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ရာသီကလို ဆီမီးဖိုင်နယ်နဲ့အဆုံးမသတ်စေဖို့ ကြယ်ပွင့်ကစားသမားတွေဒဏ်ရာမရဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် နောက်တန်းပိုင်းကလည်း လျော့ရဲနေတာကြောင့် ဘာစီလိုနာအနေနဲ့ ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရပါက အခက်ကြုံနိုင်ကြောင်း တိုနီခရူးစ်ကထောက်ပြခဲ့တာလည်းဖြစ်ပါတယ်။