၂၀၂၅ ခုနှစ်အတွင်း တစ်ဦးချင်းဖြတ်ကျော်မှုအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးကနေရပ်တည်ခဲ့တဲ့ ယာမယ်လ်
ဘာစီလိုနာအသင်းရဲ့ တောင်ပံကြယ်ပွင့်ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ဘက်ကိုတစ်ဦးချင်း လိမ်ခေါက်ကျော်ဖြတ်နိုင်မှု အကြိမ်ရေအများဆုံးပြုလုပ်နိုင်တဲ့ကစားသမားအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗီလာရီးရဲလ်ကို ဝ-၂ နဲ့သက်တောင့်သက်သာအနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၄ မှတ်ဖြတ်ဦးဆောင်ထားနိုင်တာကြောင့် နှစ်သစ်ကို ထိပ်ဆုံးနေရာကနေ ကြိုဆိုနိုင်ခဲ့သလို၊ အသင်းရဲ့ကြယ်ပွင့် ယာမယ်လ်ကလည်း ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ဘက်ကို တစ်ဦးချင်းလိမ်ခေါက်ကျော်ဖြတ်မှု ၂၈၅ ကြိမ်အထိ ပြုလုပ်ကာ ဥရောပရဲ့ Best Dribbler အဖြစ် ထိပ်ဆုံးကနေရပ်တည်ခဲ့ပါတယ်။
ယာမယ်လ်ရဲ့နောက် ဒုတိယနေရာမှာတော့ မန်စီးတီးကြယ်ပွင့် ဂျရယ်မီဒိုကူက ၁၅၅ ကြိမ်နဲ့ရပ်တည်နေပြီး တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက ၁၄၄ ကြိမ်နဲ့ရပ်တည်ခဲ့ပါတယ်။ ယာမယ်လ်အနေနဲ့ တစ်နှစ်အတွင်း တစ်ဦးချင်းဖြတ်ကျော်မှု ၂၈၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ကလပ်ဂန္ထဝင် လီယွန်နယ်မက်ဆီရဲ့ ၂၀၁၅ ခုနှစ်က စံချိန်ကို လိုက်မီလို့ ၁၂ ကြိမ်သာလိုအပ်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဂျာစီရောင်းအားမှာတော့ ယာမယ်လ်ဟာ မက်ဆီကိုကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း ဂျာစီပေါငး ၁.၃၂ သန်းအထိရောင်းချခဲ့ပါတယ်။ လက်ရှိ ၂၀၂၅-၂၆ ဘောလုံးရာသီမှာလည်း ယာမယ်လ်ရဲ့ ကိန်းဂဏန်းတွေက အခြားကစားသမားတွေယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဟာ ယခုရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပေမယ့် လာလီဂါမှာ တစ်ဦးချင်းဖြတ်ကျော်မှုအများဆုံး ၆၉ ကြိမ်နဲ့ ထိပ်ဆုံးကနေရပ်တည်နေပြီး သူ့ရဲ့နောက်မှာ ဘာပေ(၄၇ ကြိမ်)၊ ဗီနီစီးယက်စ်၊ နီကိုဝီလီယံ(၃၇ ကြိမ်စီ) တို့ အသီးသီးရပ်တည်နေကြပါတယ်။