မိုနာကိုနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်စံချိန်ကို လိုက်မီခဲ့တဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ဗုဒ္ဓဟူးနေ့နံနက်က ပြင်သစ်လီဂူးကလပ် မိုနာကိုကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ကလပ်ဂန္ထဝင်ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုတင်ရှိထားခဲ့တဲ့ ချန်ပီယံလိဂ်စံချိန်မှတ်တမ်းတစ်ခုကို လိုက်မီခဲ့ပါတယ်။
စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကိုရှုံးနိမ့်ခဲ့သလို၊ ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေလည်း လောလောလတ်လတ်နုတ်ထွက်ထားခဲ့ရတဲ့ရီးရဲလ်မက်ဒရစ်အနေနဲ့ ယခုအခါ ချန်ပီယံလိဂ်မှာတော့ အသင်းရဲ့ပေါက်ကွဲအားကိုပြသပြီး ၆ ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။
ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့အတွက်လည်း သေချာနေပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ရီးရဲလ်အတွက် အထူးခြေစွမ်းပြခဲ့ကြတဲ့ကစားသမားတွေက အမ်ဘာပေနဲ့ ဗင်နီစီးယက်စ်တို့ဖြစ်ကြပြီး အမ်ဘာပေဟာ ရော်နယ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
Opta ရဲ့အချက်အလက်တွေအရ ယခုမိုနာကိုနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အမ်ဘာပေဟာ ဒီရာသီချန်ပီယံလိဂ်မှာ စုစုပေါင်းသွင်းဂိုး ၁၁ ဂိုးအထိရှိလာခဲ့ပြီး အဆိုပါပမာဏဟာ ၂၀၁၅-၁၆ ဘောလုံးရာသီက အုပ်စုအဆင့်မှာ ရော်နယ်ဒိုတင်ရှိခဲ့တဲ့ ၁၁ ဂိုးစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေဟာ ရော်နယ်ဒိုနဲ့အပြိုင် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒါမှမဟုတ် လိဂ်အဆင့်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။
သို့သော်လည်း ၂၀၂၅-၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် လိဂ်အဆင့်မှာ ကလပ်အသင်းတွေဟာ ၈ ပွဲအထိ ကစားရမှာဖြစ်တာကြောင့် အမ်ဘာပေအနေနဲ့ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ြဖတ်နိုင်ဖို့ နောက်ထပ်တစ်ပွဲ အခွင့်အရေးကျန်ရှိနေပါသေးတယ်။ ရော်နယ်ဒိုကတော့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ အုပ်စုပွဲစဉ် ၆ ပွဲတည်းနဲ့ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။