The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကစားသမားတွေက အလွန်ဆိုကို အပြည့်အဝထောက်ခံကြောင်း ပြောကြားလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်က အသင်းရဲ့ကစားသမားတွေဟာ နည်းပြ ဇာဘီအလွန်ဆိုကို အပြည့်အဝထောက်ခံနေပြီး စပိန်သားရဲ့နောက်မှာ ရပ်တည်နေကြတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

မကြာသေးမီက အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားတွေနဲ့ သဘောထားမတိုက်ဆိုင်မှုတွေရှိနေကြောင်း သတင်းတွေထွက်ပေါ်ထားပြီး ဘာနေဗျူးကနေ ထုတ်ပယ်ခံရဖို့နီးစပ်နေပြီလို့လည်း ကောလာဟလတွေရှိနေခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အက်သလက်တီကိုနဲ့ယှဉ်ပြိုင်သွားရမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီမှာ ဘယ်လင်ဟမ်က "အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံး စည်းစည်းလုံးလုံးရှိနေပါတယ်။ အသင်းမှာ အတက်အကျဆိုတာ တစ်ခါတလေရှိတတ်တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကအခု စူပါဖလားမှာလည်း ဆီမီးဖိုင်နယ်ရောက်‌နေပါတယ်။ လာလီဂါမှာလည်း ထိပ်ဆုံးကအသင်းနဲ့ ၄ မှတ်ပဲကွာနေသလို ချန်ပီယံလိဂ်မှာဆိုရင်လည်း ထိပ်ဆုံး ၈ သင်းထဲမှာရှိနေတုန်းပါ"

"ကျွန်တော့်အမြင်မှာတော့ ဒီလိုအခြေအနေက ဆိုးဝါးတဲ့အခြေအနေမဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဖြစ်နေတဲ့အတွက် အဆင်မပြေမှု နည်းနည်းလေးရှိလာရင်တောင် ပုံကြီးချဲ့ပြောဆိုခံရပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်ကြိုးစားနေပါတယ်။ နည်းပြနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့ အသင်းရဲ့ထိပ်ပိုင်းက ပြဿနာတွေပါ" 

"အခြေအနေတွေ အဆင်မပြေတဲ့အခါ ပြဿနာသစ်တွေကို လုပ်ကြံဖန်တီးတတ်ကြပါတယ်။ အဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့အသိဆုံးပါ။ အပြင်ကနေကြည့်ရုံနဲ့ အမှန်ကိုမမြင်နိုင်ပါဘူး။ ကျွန်တော်တို့အားလုံး နည်းပြနောက်မှာရှိနေပြီး ဒါက ငြင်းခုန်စရာမလိုတဲ့အချက်လည်းဖြစ်ပါတယ်"

"အလွန်ဆိုက အရမ်းအပြုသဘောဆောင်တဲ့သူဖြစ်သလို၊ အသင်းအပေါ်မှာလည်း ကောင်းမွန်တဲ့သက်ရောက်မှုတွေပေးနိုင်ပါတယ်။ ကျွန်တော်တို့အသင်းဖော်တွေ၊ အထူးသဖြင့် ဗင်နီစီးယက်စ်နဲ့လည်း အဆင်ပြေကြပါတယ်။ အသင်းမှာ ပြဿနာရှိနေရင်လည်း အတူတူထိုင်ပြီး ဆွေးနွေးကြပါတယ်။ နည်းပြနောက်မှာကျွန်တော်တို့ အပြည့်အဝရှိနေပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။