ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း အတွက် ဂိုမက်ဇ်အား ရွေးချယ်သင့်တယ်လို့ ဆောက်ဂိတ်ကို အကြုံပြုလိုက်တဲ့ ကလော့ပ်
ယမန်နေ့ညမန်စီးတီးနဲ့ ၁ ဂိုးစီ သရေကျပြီးနောက် ပွဲအပြီးမှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လူစာရင်းအတွက် အသင်းရဲ့နောက်ခံလူ ဂိုမက်ဇ်အား ရွေးချယ်သင့်တယ်လို့ ဆောက်ဂိတ်ကို ရည်ရွယ်ပြီးပြောကြားလာခဲ့ပါတယ်။
အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အနိုင်ရလဒ်ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ၁-၁ နဲ့သရေ ရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာဖို့ရှိနေပါတယ်။ ပွဲအစမှာ မန်စီးတီးက တိုက်စစ်ဖွင့်ကစားပြီး လီဗာပူး နောက်တန်းကို တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယာဂင်ကလော့ပ်ရဲ့လီဗာပူးက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ ယခုပွဲစဉ်မှာ အခွင့်အရေးတွေအများအပြားရရှိပြီး အသာစီးကနေ ကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲနဲ့တော့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ နောက်ခံလူ အီဗရာဟီမာကိုနာတေးဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စပါတာပရာဂူးကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီနေ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ကိုနားတေးအစား ဂျိုးဂိုမက်ဇ်က ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ကစားသမားဟာ ဖီးလ်ဖိုဒန်နဲ့ ကယ်ဗင်ဒီဘရိုင်းတို့ကို အကောင်းဆုံး ထိန်းချုပ်ပြီး စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ကလော့ပ်က ဂိုမက်ဇ်က ဘာကြောင့် ၂၀၂၀ ခုနှစ်အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ၂၀၂၄ ယူရိုပြိုင်ပွဲမှာတော့ ပါဝင်သင့်ပြီလို့ ထောက်ခံလာခဲ့တာဖြစ်ပါတယ်။
ကလော့ပ်က “ရိုးရိုးသားသားပြောရင်မယ်ဆိုရင် ဂါရတ်ဆောက်ဂိတ် အနေနဲ့ ဂိုမက်ဇ်ကို ရွေးချယ်သင့်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၁၇ ခုနှစ်မှာ ဂိုမက်ဇ်ကိုပထမဆုံးအကြိမ် အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ပေးခဲ့ပေမယ့် ရံဖန်ရံခါမှသာ ပါဝင်ကစားစေခဲ့တာကြောင့် နောက်ခံလူဟာ အခုချိန်အထိ အင်္ဂလန်အသင်းအတွက် ၁၁ ပွဲသာ ကစားခွင့်ရထားတာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဆောက်ဂိတ်အနေနဲ့ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ကစားမယ့်ပွဲစဉ်တွေ အပါအဝင် ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၊ အိုက်စလန်တို့နဲ့ ဇွန်လမှာကစားမယ့် ခြေစမ်းပွဲစဉ်တွေ အတွက် အင်္ဂလန်အသင်းလူစာရင်းကို အပြီးသတ်ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၂၄ ဂျာမနီယူရိုပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ ဆာဘီးယားနဲ့ စတင်ကစားသွားရမှာဖြစ်ပါတယ်။