အင်္ဂလန်မှာနေရာရဖို့ ဖိုဒန်၊ ပယ်လ်မာတို့နဲ့ ယှဉ်ပြိုင်သွားမယ်လို့ပြောကြားလာတဲ့ ဘိုဝမ်
ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဂျာရော့ဘိုဝမ်က အင်္ဂလန်လက်ရွေးစင်အသင်းမှာနေရာရဖို့အတွက် သူဟာ မန်စီးတီးကြယ်ပွင့်ဖီးလ်ဖိုဒန်၊ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာတို့နဲ့ ယှဉ်ပြိုင်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ လက်ရှိအင်္ဂလန်ရဲ့ညာတောင်ပံနေရာမှာ အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက အခိုင်အမာနေရာရယူထားတာဖြစ်ပြီး အဆိုပါနေရာမှာ ဖိုဒန်နဲ့ ပယ်လ်မာတို့ကလည်း ကစားနိုင်ကြပါတယ်။ ဒါကြောင့် ဘိုဝမ်ကလည်း ညာတောင်ပံနေရာအတွက် သူ့အနေနဲ့လည်း တိုက်ပွဲဝင်လိုကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နောက်ထပ်အာဆင်နယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ နိုနီမာဒူကီကလည်း ပြီးခဲ့တဲ့စက်တင်ဘာလက ဆားဘီးယား၊ အန်ဒိုရာတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းခဲ့တာကြောင့် ဘိုဝမ်အနေနဲ့ မာဒူကီနဲ့လည်း နေရာလုတိုက်ပွဲ ယှဉ်ပြိုင်သွားရဖွယ်ရှိပါတယ်။
ဘိုဝမ်က "ကျွန်တော်လက်ရှိနေရာအတွက်ယှဉ်ပြိုင်နေရတာက ဘူကာယိုဆာပါ။ ဒီတစ်ခေါက်လူစာရင်းမှာ ဒဏ်ရာရနေခဲ့တဲ့ မာဒူကီ၊ ပယ်လ်မာနဲ့ ဖိုဒန်တို့ကလည်း တောင်ပံမှာကစားနိုင်တဲ့သူတွေချည်းပါပဲ။ သူတို့က ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတွေဖြစ်ပေမယ့် ကျွန်တော်ကလည်း သူတို့နဲ့အဆင့်တစ်ခုတည်းမှာရှိနေတယ်လို့ ယုံကြည်ပါတယ်"
"ဆာကာက လက်ရွေးစင်အသင်းမှာရော၊ ကလပ်အသင်းမှာပါ သက်သေပြပြီးသားသူတစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးဖို့လိုအပ်သလို၊ သူ့ကိုလည်းတွန်းအားပေးဖို့ လိုပါတယ်။ နည်းပြနဲ့ ဆာကာတို့ကို ခေါင်းကိုက်အောင်လုပ်ပေးရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဘိုဝမ်က သူဟာ နေရာမျိုးစုံမှာကစားနိုင်တဲ့အတွက် အင်္ဂလန်မှာပိုပြီးအခွင့်အရေးရနိုင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ သူဟာ ဘယ်တောင်ပံနေရာအတွက် အဓိက ကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အယ်လ်ဘေးနီးယားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလာခြေစစ်ပွဲစဉ်မှာ ဘိုဝမ်ဟာညာတောင်ပံနေရာမှာကစားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ကြယ်ပွင့်ဟာ ဝက်စ်ဟမ်းမှာလည်း ဗဟိုတိုက်စစ်မှူးအဖြစ် မကြာခဏကစားလေ့ရှိသူဖြစ်ပါတယ်။
ဝက်စ်ဟမ်းကြယ်ပွင့်က "ကျွန်တော်က ဟာရီကိန်းထက်ပိုကောင်းတယ်လို့ပြောချင်တာမဟုတ်ပါဘူး။ သူ့နေရာက အစားထိုးဖို့ခက်ခဲတဲ့နေရာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ စွယ်စုံကစားနိုင်စွမ်းက အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာဆို ကျွန်တော်ညာဘက်မှာရော၊ ဘယ်ဘက်မှာပါ ကစားခဲ့ရပါတယ်။ နည်းပြက ဒီအချက်ကိုသတိထားမိပါတယ်။ ကွင်းထဲမှာဆိုရင် ကျွန်တော်က အမြဲတမ်းပြေးလွှားနေပြီး တက်တက်ကြွကြွရှိနေပါတယ်"
"ဒါပေမယ့် ဘယ်နောက်ခံနဲ့ ညာနောက်ခံနေရာတွေမှာတော့ ကျွန်တော်ကစားနိုင်မှာမဟုတ်ပါဘူး။ ဒါက ပိုပြီးတော့ရှုပ်ထွေးပါတယ်။ ရှေ့တန်းမှာဆိုရင်တော့ ဘယ်လိုနေရာဖြစ်ဖြစ် ကစားနိုင်စွမ်းရှိပါတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ပါဘူး။ ကျွန်တော်က ဟဲဖို့ဒ်ဆိုတဲ့ အပျော်တန်းအဆင့်ကလပ်တစ်ခုကနေ တက်လာသူတစ်ယောက်ပါ။ အခုလို အင်္ဂလန်အတွက်ပွဲ ၂၀ ပြည့်အောင်ကစားပေးနိုင်မယ်လို့ မထင်ခဲ့ပါဘူး"
"ဘောလုံးလောကရဲ့အမြင့်ဆုံးအဆင့်မှာကစားရတာက ဘယ်ကစားသမားအတွက်မဆို အကောင်းဆုံးအသက်မွေးဝမ်းကျောင်းမှုပါပဲ။ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာက အရမ်းကံကောင်းခဲ့ပြီး ဒီတစ်ခေါက် ကမ္ဘာ့ဖလားကတော့ ကျွန်တော့်အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။