လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမား ၃ ယောက်စာရင်းထဲမှာ ယော်ကရက်စ်ကို ရွေးချယ်ခဲ့တဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ ရာသီဝက်ကာလ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမား ၃ ဦးကိုရွေးချယ်ခဲ့ရာ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယော်ကရက်စ်ကို ထည့်သွင်းရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင်ယော်ကရက်စ်ဟာ ယခုရာသီမှာအာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန် ၄ ဂိုးသွင်းယူပေးထားပါတယ်။ ကစားသမားရဲ့ဂိုးသွင်းနှုန်းက အသိအမှတ်ပြုလောက်စရာမဟုတ်ပေမယ့် ရွန်းနီကတော့ သူ့ရဲ့ ကြိုးစားမှုနဲ့ ဇွဲလုံ့လကြောင့်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်ပြးပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကျွန်တော်တတိယနေရာကနေ စရွေးချင်ပါတယ်။ အဲဒါကတော့ ဗစ်တာယော်ကရက်စ်ပါ။ အာဆင်နယ်က နံပါတ် ၉ တိုက်စစ်မှူးတစ်ယောက်ရဖို့ နှစ်အနည်းငယ်ကြာအောင် ရှာဖွေနေခဲ့ရပါတယ်။ ယော်ကရက်စ်ရောက်လာချိန်မှာတော့ သူ့ရဲ့လုပ်အားနှုန်း၊ ဇွဲလုံ့လနဲ့ ဘောလုံးထိန်းသိမ်းနိုင်ပုံတွေက အထင်ကြီးစရာကောင်းပြီး သွင်းဂိုးတွေလည်းရယူထားနိုင်ပါတယ်"
"ဒုတိယတစ်ယောက်ကတော့ ဘုန်းမောက်က ဆီမီညိုပါ။ သူကလည်း ဘုန်းမောက်အတွက်တကယ်ကို အရေးပါတဲ့ကစားသမားလို့ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကခြေစွမ်းကို ဒီရာသီမှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်" "နောက်ဆုံးတစ်ယောက်အနေနဲ့တော့ ကျွန်တော် ဘရိုင်ယန်အမ်ဘွေမိုကိုရွေးချင်ပါတယ်။ ယူနိုက်တက်က ရာသီအစမှာနည်းနည်းရုန်းကန်ခဲ့ရပေမယ့် သူကတော့ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ သူက အသင်းအတွက်အရမ်းကောင်းတဲ့သူလို့ကျွန်တော်ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။