ပြိုင်ဘက်ဟောင်းကြီးယာဂန်ကလော့ပ်ကို သတိရနေတယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက နည်းပြဘ၀ ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မှုအတွက် ပြင်ဆင်နေချိန် ပြိုင်ဘက်ဟောင်းကြီး ယာဂန်ကလော့ပ်ကို သတိရမိနေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မန်စီးတီးနည်းပြက နည်းပြဘဝပွဲစဉ်အရေအတွက် ဂဏန်းလေးလုံးပြည့်မြောက်သွားချိန်အတွက် အီတီဟတ်ဆီ ရောက်ရှိလာမယ့် ပရီးမီးယားလိဂ်ချန်ပီယံတွေထက် သင့်တော်မယ့်ပြိုင်ဘက်မျိုး မရှိသေးဘူးလို့ ခံစားမိနေပါတယ်။ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့နှစ်၊ အန်ဖီးလ်ထိုင်ခုံပူမှ ဂျာမန်သားမထွက်ခွာသွားခင်အချိန်အထိ ယာဂန်ကလော့ပ်နဲ့အတူ ချန်ပီယံဆုအတွက် အကြိမ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။
စပိန်သားက ဒီတိုက်ပွဲတွေအပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်မှာ အောင်မြင်မှုအလီလီဆွတ်ခူးနိုင်တဲ့ အတိတ်သမိုင်းကြောင်းတွေကို သူ့ရဲ့နည်းပြဘဝအတွက် အထူးခြားဆုံးအခိုက်အတန့်တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရယူထားနိုင်တဲ့ ပက်ဂွါဒီယိုလာက “အခုလိုမျိုးအခိုက်အတန့်အတွက် ပြိုင်ဘက်တစ်ဦးကို ရွေးချယ်ရမယ်ဆိုရင် အများပြည်သူနဲ့လည်း ကျွန်တော် မျှဝေပေးသွားချင်ပါတယ်။ ဒါပေမဲ့ အခုထိပ်တိုက်တွေ့ဆုံမှုက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဒီနိုင်ငံမှာ အရင်ထက် ပိုကြာကြာ နေထိုင်ခဲ့ပြီးပါပြီ။ ဒါက ကျွန်တော့်ရဲ့ဘဝအပေါ် သက်ရောက်မှုရှိပါတယ်။ ဘာစီလိုနာက ကျွန်တော့်ရဲ့ကလပ်အသင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာလည်း အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာတော့ ကျွန်တော့်အတွက် လီဗာပူးက ပြိုင်ဘက်ကြီးဖြစ်ပါတယ်။ အထူးသဖြင့် ယာဂန်ကလော့ပ်ပေါ့။ ဒီထက်ပိုကောင်းတာ မရှိနိုင်ပါဘူး။ ကံကြမ္မာကိုယ်တိုင်လည်း ဒီလိုပဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ယာဂန်ကလော့ပ်ရဲ့အသင်းဖြစ်ဖြစ်၊ ပက်ဂွါဒီယိုလာရဲ့အသင်းဖြစ်ဖြစ် ကျွန်တော်တို့အချင်းချင်းကြားမှာ အပြန်အလှန်လေးစားမှုဆိုတာ ရှိပါတယ်။ ယာဂန်ကလော့ပ်က ကျွန်တော့်အတွက် အများကြီးပေးဆပ်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ ရှိပါတယ်။ သူ့ကို ကျွန်တော် သတိရနေပါတယ်။ ဒီလူကို အနိုင်ယူဖို့အတွက် ကျွန်တော် အများကြီးစဉ်းစားခဲ့ရတယ်၊ အများကြီးလုပ်ခဲ့ရတယ်၊ အများကြီးကြိုးစားခဲ့ရပါတယ်”လို့ ဆိုပါတယ်။
၂၀၀၇ ခုနှစ်၊ ဘာစီလိုနာ(B)အသင်းမှာ နည်းပြဘဝစတင်ခဲ့တဲ့ ပက်ဂွါဒီယိုလာက ၉၉၉ ပွဲကိုင်တွယ်ပြီးနောက် ၇၁၅ ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ မယုံကြည်နိုင်စရာကိန်းဂဏန်းတွေပါပဲ။ ကျွန်တော်ကတော့ ဘယ်လောက်များများလုပ်နိုင်ခဲ့တယ်ဆိုတာကို တွေးမနေပါဘူး။ ဒါပေမဲ့ အခုလိုမှတ်တိုင်တစ်ခု စိုက်ထူပြီး ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာ ပြန်ဖတ်ကြည့်ချိန် ပရီးမီးယားလိဂ်မှာသာမက ချန်ပီယံလိဂ်မှာပါ အောင်ပွဲတွေ၊ စံချိန်တွေကို မြင်တွေ့ရပါတယ်။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးမှာ အံ့အားသင့်စရာကိစ္စတွေကို ကျွန်တော်တို့လုပ်ပြခဲ့ပြီးပါပြီ။ မယုံကြည်နိုင်စရာကောင်းပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
ပြန်လုပ်ခိုင်းရင်တောင် လုပ်နိုင်မယ်မထင်ပါဘူး။ ပွဲစဉ်တွေ အရမ်းများလွန်းပြီး ရှုံးပွဲလည်း နည်းပါးခဲ့ပါတယ်။ မနက်ဖြန်တနင်္ဂနွေနေ့မှာ ဒီအတိုင်းဆက်လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ပက်ဂွါဒီယိုလာက ကစားသမားကောင်းတွေသာ မရှိရင် အခုလိုမျိုးအောင်မြင်မှု မရရှိနိုင်ဘူးဆိုတာကို လက်ခံထားပါတယ်။ စပိန်သားက “ ဒါကို အကြိမ်ပေါင်းများစွာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ မှားယွင်းတဲ့နှိမ့်ချမှုလို့ ထင်ရပေမယ့် ဒါက တကယ့်အဖြစ်မှန်ပါ။ နိုင်ပွဲတွေ ၇၀ ရာခိုင်နှုန်းရရှိအောင် ဘယ်လိုလုပ်ခဲ့သလဲ? ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေနဲ့အတူ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးမှာ ရှိနေတာကြောင့် ဒါကို လုပ်နိုင်တာပါ။ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အဲ့ဒီနောက်မှာ ကြိုးစားအားထုတ်မှုတွေ၊ စေတနာတွေ၊ စိတ်အားထက်သန်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဘယ်သူ့ကိုမှ အရှုံးမပေးဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေ အများကြီးပါဝင်ပါတယ်”လို့ ပြောပါတယ်။
ပက်ဂွါဒီယိုလာက သူ့ကို အကောင်းဆုံးဖြစ်တယ်လို့ ပြောဆိုမှုတွေအပေါ် လုံးဝမှန်ကန်တယ်လို့ အရွှမ်းဖောက်ခဲ့ပြီး ပိုမိုနှိမ့်ချတဲ့စကားလုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ သူက “ အကောင်းဆုံးဖြစ်ချင်တယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ရှုံးနိမ့်မှုတွေနဲ့လည်း အဆင်ပြေပါတယ်”လို့ ပြောပါတယ်။