
လတ်တလောပွဲစဉ်တွေမှာ အမှားများနေတဲ့ ကိုနာတေးအပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ အန်းစလော့
ရှုံးပွဲဆက်နေမှုကိုရပ်တန့်ဖို့ကြိုးစားနေချိန် ခံစစ်ပိုင်းမှာ အမှားတွေဆက်တိုက်ဆိုသလို ကျူးလွန်မိနေတဲ့ ကိုနာတေးအပေါ် လီဗာပူးနည်းပြအန်းစလော့က အပြင်းအထန်ကာကွယ်ပေးခဲ့ပါတယ်။ ပြင်သစ်ဗဟိုခံစစ်မှူးက ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်ရဲ့ မုန်တိုင်းထန်လွန်းလှတဲ့ ပထမပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်အသင်းဆီ အခွင့်အရေးကောင်းနှစ်ကြိမ် လက်ဆောင်ပေးခဲ့သလို အဝါကတ်ပါ ပြသခံခဲ့ရပါတယ်။ အင်္ဂါနေ့၊ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာလည်း အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ခဲ့ပြီး ကိုနာတေးရဲ့ချီတုံချတုံခုခံကာကွယ်မှုနဲ့ လျော့ရဲတဲ့ဖြတ်ထုတ်ပုံတွေကြောင့် ပရိသတ်တွေ အသည်းတအေးအေး ဖြစ်ခဲ့ရပါတယ်။
ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ အိုဆီမန်ကို လွတ်ထွက်သွားစေမယ့် ကိုနာတေးရဲ့ဘောလုံးပေးပို့ပုံအမှားကြောင့် ဂိုးသမားအလီဆင်ကိုယ်တိုင် အသည်းအသန်ရှေ့တက်ကာ ဖြတ်ထုတ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲအဖြစ် ဘရာဇီးဂိုးသမားမှာ တံကောက်ကြောဒဏ်ရာပြဿနာပေါ်ပေါက်သွားခဲ့ပြီး ကာလရှည်အနားယူရဖွယ်ရှိနေလို့ လီဗာပူးရဲ့ခံစစ်ပိုင်းအတွက် ခေါင်းကိုက်စရာပြဿနာတွေ ထပ်မံများပြားလာခဲ့ပါတယ်။
ကိုနာတေးရဲ့ဘောလုံးအပေါ်အာရုံစူးစိုက်မှုလျော့နည်းနေတဲ့အချက်က စိုးရိမ်ရေမှတ်အထိ ရောက်ရှိလာခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ အခုလိုရလဒ်ပိုးဆိုးရွားနေမှုကို ပြင်ဆင်နိုင်ဖို့ လီဗာပူးအသင်း ကြိုးစားနေချိန် ပြင်သစ်သားအပေါ် မီးမောင်းထိုးပြမှုတွေလည်း ရှိလာခဲ့ပါတယ်။ အရာရာတိုင်း ရှေ့ဆက်သွားနေတယ်ဆိုရင်တောင် ကိုနာတေးကတော့ စိတ်ပျက်စရာအဆင့်မှာပဲ ကျန်ရှိနေပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ ကိုယ့်အသင်းရှုံးနိမ့်နေချိန် ဘောလုံးပိုင်ဆိုင်မှုကို အလွယ်တကူဆုံးရှုံးစေတာ အကူအညီမဖြစ်စေပါဘူး။ ကိုနာတေးက ဘောလုံးအလွယ်တကူဆုံးရှုံးသူတွေထဲမှာ ပါဝင်ပေမယ့် သူတစ်ဦးတည်းလည်း မဟုတ်ပြန်ပါဘူး။ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာဆိုရင် ပယ်နယ်တီပေးရခြင်းမှလွဲလို့ ကျွန်တော်တို့အားလုံး ဘောလုံးကို အလွယ်တကူဆုံးရှုံးစေတဲ့ အခိုက်အတန့် သုံးလေးခုအထိ ရှိခဲ့ပါတယ်။ ဒါမျိုးကိုတော့ ကိုနာတေးက ပဲလေ့စ်နဲ့ပွဲစဉ်မှာ တစ်ကြိမ်၊ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ တစ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။
ဒီလိုအခိုက်အတန့်မျိုးမှာ အာရုံစူးစိုက်မှုလျော့ရဲသွားမယ်ဆိုရင် ရုတ်တရက်ဆိုသလိုပဲ မိနစ် ၉၀ ပြည့်ကစားပွဲဟာ အရမ်းညံ့ဖျင်းသွားပါလိမ့်မယ်။ ဒါကိုပြန်ကြည့်ပြီးတော့ ပွဲစဉ်တစ်ခုကို အကဲဖြတ်တာမျိုး ကျွန်တော် မလုပ်ပါဘူး။ ကျွန်တော်က ကိုယ့်အသင်း ဘယ်နေရာမှာကောင်းခဲ့သလဲဆိုတာနဲ့ ဘယ်နေရာမှာ ညံ့ဖျင်းခဲ့သလဲဆိုတာကိုပဲ ပြန်ကြည့်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ခုမှာဆိုရင် ကိုနာတေးတင်မက အခြားသူတွေပါ လုပ်လေ့လုပ်ထမရှိသော သိသာထင်ရှားတဲ့အမှားအယွင်းတွေကို ကျူးလွန်ခဲ့ကြပါတယ်။ အဲ့ဒီလိုလုပ်လေ့လုပ်ထမရှိတဲ့ အမှားမျိုးတွေ ကျူးလွန်လိုက်ပြီဆိုရင် သာမန်အားဖြင့် နည်းပြဆီ ဝေဖန်သံတွေ ရောက်ရှိလာပါတယ်”လို့ ပြောပါတယ်။
လီဗာပူးရဲ့အခုဘောလုံးရာသီမှတ်တမ်းမှတ်ရာတွေကလည်း စိုးရိမ်စရာဇာတ်လမ်းတစ်ခုအကြောင်း ပြောပြနေပါတယ်။ မာဆေးဆိုဒ်သားတွေက နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ Clean Sheet ရရှိမှုနှစ်ကြိမ်အပါအဝင် မတ်လအတွင်း ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ၂၁ ပွဲကစားရာမှာ Clean Sheet လေးကြိမ်သာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အဖွင့်ပွဲစဉ်ခြောက်ခုအပြီး Clean Sheet လေးကြိမ်ရရှိမှုနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် လီဗာပူးရဲ့ခံစစ်ပိုင်းပြဿနာတွေက ကစားသမားတစ်ဦးအပေါ် ပုံချထာထက် ပိုမိုနက်ရှိုင်းနေပါလိမ့်မယ်။ ဒီနေရာမှာ အန်းစလော့ကိုယ်တိုင်လည်း ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်အတွက် ကိုနာတေးကိုပဲ ဆက်သုံးဦးမလား(သို့မဟုတ်) ဂျိုးဂိုးမက်ဇ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်မလားဆိုတာ စောင့်ကြည့်သွားဖို့ပဲ ကျန်ရှိပါတယ်။