The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမရပါက ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးဖို့မဖြစ်နိုင်ကြောင်း ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့အတူချန်ပီယံလိဂ်ဖလားမရသလို၊ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားလည်းမရပါက ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ၄၅ ပွဲကစားပြီး ၄၄ ဂိုးသွင်းယူနိုင်ခဲ့သလို၊ အင်္ဂလန်လက်ရွေးစင်အသင်းကိုလည်း ၂၀၂၄ ယူရိုဗိုလ်လုပွဲသို့ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဘောလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ အဆင့် ၁၃ နေရာနဲ့သာ ကျေနပ်ခဲ့ရတာြဖစ်ပါတယ်။

ယခုနှစ်ရာသီမှာလည်း ကိန်းဟာ စုစုပေါင်းပြိုင်ပွဲစုံ ၁၇ ပွဲကစားပြီးချိန်မှာ ၂၃ ဂိုးအထိသွင်းယူထားပေမယ့် သူ့အနေနဲ့ အဓိကဆုဖလားကြီးတွေကို ဆွတ်ခူးနိုင်ခြင်းမရှိပါက ဘောလွန်းဒီအော်ဆုနဲ့ လွဲချော်သွားဦးမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် သူသာမက မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းလို ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတွေကလည်း ဆုဖလားတွေမရပါက ဂိုးတွေဘယ်လောက်သွင်းသွင်း ဘောလွန်းဒီအော်ဆုကို ရနိုင်မှာမဟုတ်ဘူးလို့ ကိန်းကဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က "ကျွန်တော်ဒီရာသီမှာ ဂိုး ၁၀၀ လောက်အထိသွင်းနိုင်ရင်တောင် ချန်ပီယံလိဂ် ဒါမှမဟုတ် ကမ္ဘာ့ဖလားမရရင်တော့ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အာလင်းဟာလန်းအတွက်လည်း အတူတူပါပဲ"

"ဘယ်ကစားသမားမဆို ဆုဖလားတွေမရရင် ဘောလွန်းဒီအော်နဲ့လွဲချော်နေဦးမှာပါ။ အဓိက ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။လောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်က လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး ပုံစံကောင်းရနေလို့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်မယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲမှာလည်း ရေပန်းစားတဲ့အသင်းတွေထဲမှာပါဝင်ပါတယ်"

"အင်္ဂလန်ကလည်း အတူတူပါပဲ။ ကျွန်တော်တို့က ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းစားတဲ့အထဲမှာပါဝင်နေပါတယ်။ ဒီအချက်တွေက ကျွန်တော့်အတွက်ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးစေဖို့ အထောက်အကူဖြစ်စေမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘောလွန်းဒီအော်ဆုကိုပါ ဆက်လက်ချီးမြှင့်ခံခဲ့ရပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာလည်း ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးခဲ့တာကြောင့် အသင်းတောင်ပံကစားသမား ဒမ်ဘီလီဟာ ဘောလွန်းဒီအော်ဆိုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၇ ပွဲကစားပြီး ၂၃ ဂိုးအထိသွင်းယူထားနိုင်တဲ့ ဟယ်ရီကိန်းအနေနဲ့လည်း ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပြီး ဘောလွန်းဒီအော်ဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးသွားနိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ တကယ်လို့ ကိန်းသာ ဘောလွန်းဒီအော်ဆုကိုရရှိခဲ့ပါက ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဆိုပါဆုကိုဆွတ်ခူးနိုင်တဲ့ အင်္ဂလိဂ်လူမျိုးအဖြစ် မှတ်တမ်းဝင်သွားမှာလည်းဖြစ်ပါတယ်။