
ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့ ထိုက်တန်ကြောင်းပြသရမယ်လို့ အင်္ဂလန်လူငယ်စတားတွေကို တူချယ်သတိပေး
အင်္ဂလန်နည်းပြ တူချယ်က ငယ်မွေးခြံပေါက်ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ကလပ်တွေမှာ ပါဝင်ခွင့်ရဖို့အတွက် ထိုက်တန်တယ်ဆိုတာကို ကိုယ်တိုင်သက်သေပြရမယ်လို့ ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေကတည်းက ငယ်မွေးခြံပေါက်အင်္ဂလန်ကစားသမားတွေ နေရာပျောက်လာခဲ့တာဖြစ်ပြီး တူချယ်က ကစားသမားတွေအနေနဲ့ အသင်းကိုဝေဖန်မယ့်အစား ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီရာသီမှာ အင်္ဂလန်ကစားသမားတွေပါဝင်နှုန်းက ၂၃.၂%အထိ ကျဆင်းလာခဲ့ပြီး ယခင်ရာသီတွေထက်တော့ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်မတိုင်ခင်က ၃၈% အထိရှိခဲ့ပေမယ့် သူ့လက်အောက်မှာတော့ ၃၀% ကနေ ၃၃% သာရှိတော့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပထမဆုံးစတင်ချိန် ၁၉၉၃ တုန်းက ၇၁% အထိ ရှိခဲ့တာဖြစ်ပါတယ်။ အသင်းတွေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တူချယ်က “အဲ့တာက ပြိုင်ပွဲတစ်ခုပါ။ ထိပ်တန်းအဆင့်အားကစားပြိုင်ပွဲတစ်ခုပါ။ ကစားသမားတွေအနေနဲ့ ဒီလိုလိဂ်မှာကစားချင်တယ်ဆိုရင် တိုက်ပွဲဝင်ရပါမယ်။
ထိပ်တန်းလိဂ်တစ်ခုမှာကစားချင်တယ်ဆိုရင် ထိုက်တန်တယ်ဆိုတာကိုပြသရပါမယ်။ အင်္ဂလန်မြေမှာ အင်္ဂလန်ကစားသမားတွေနည်းလာတာက တစ်ခါတလေဖြစ်နိုင်ပါတယ်။ အဲ့တာက စိတ်ပျက်စရာမဟုတ်ပါဘူး။ မှန်ပါတယ်။ ကျွန်တော် အင်္ဂလိပ်ကစားသမားတွေကိုပိုမြင်ချင်ပါတယ်။ ပိုများလေကောင်းလေပါပဲ။ ဒါပေမယ့် ကျွန်တော်က ကလပ်အသင်းကနေလာတာကြောင့် ဘယ်သူမှအာမခံချက်မရှိဘူးဆိုတာ သိပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက် ကစားဖို့ထိုက်တန်တယ်ဆိုရင် သူ့အနေနဲ့ သက်သေပြရပါမယ်။ အရည်အချင်းက နည်းလမ်းတစ်ခုလိုအမြဲတမ်းရှာဖွေနိုင်နေမှာပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ ဝေးလ်အသင်းနဲ့ပွဲမှာ ဘယ်လင်ဟမ် ၊ ဖိုဒန် ၊ ဂရီးလစ်ချ် ၊ ဝါတန်တို့လို အဓိကကစားသမားတွေမပါဝင်တာကို မြင်တွေ့ခဲ့ရပါတယ်။ တူချယ်ကတော့ အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး “အသင်းမှာ တံခါးက ဘယ်သူ့အတွက်မဆိုဖွင့်ထားပါတယ်။ ဒုတိယပွဲကစားပြီးရင် ကျွန်တော်တို့ဆုံးဖြတ်မှာပါ။ ရွေးချယ်မှုတွေက လာဦးမှာဖြစ်သလို ထိပ်တန်းအရည်အချင်းရှိတဲ့သူတွေအတွက် တံခါးက အမြဲတမ်းဖွင့်ထားပါတယ်။ ကျွန်တော်တို့အောက်တိုဘာမှာပဲရှိနေပါသေးတယ်။ တစ်ဆင့်ချင်းသွားရပါမယ်။ ဒီနေ့ပွဲမှာ မော်ဂန်က အံ့ဖွယ်လုပ်ပြနိုင်ခဲ့ပါတယ်။ အသင်းကလည်း အတူတူပါပဲ။ သူက နှိမ့်ချတတ်တဲ့ကစားသမားပါ။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်တဲ့ကစားသမားပါ။
ကျွန်တော်တို့ လက်ရှိမှာ ၁၁ ယောက်ထပ်ပိုလိုအပ်ပါတယ်။ ဝေးလ်နဲ့ပွဲက လူစာရင်းအကြောင်း ကျွန်တော်မပြောနိုင်ပါဘူး။ ကျွန်တော်က စိတ်ခံစားချက်ကိုမလိုက်ပါဘူး။ ကျွန်တော်နည်းပြတစ်ဦးဖြစ်သလို ရွေးချယ်မှုတွေပြုလုပ်ရပါမယ်။ ပြီးတော့ အာရုံစိုက်ရမှာတွေရှိပါတယ်။ အသင်းကိုမကူညီပေးနိုင်မယ့်ကစားသမားတွေတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒီနေ့ညပွဲအတွက် ကျွန်တော်ပျော်ပါတယ်။ စနေနေ့မှာလည်း ဝေးလ်နဲ့ပွဲကလိုဆက်သွားချင်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ လာမယ့်အင်္ဂါနေ့မှာ လက်ဗီးယားနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် နိုဝင်ဘာမှာ ဆားဘီးယား ၊ အယ်လ်ဘေးနီးယားတို့နဲ့ ကစားရမှာဖြစ်ပါတယ်။