The network connection is lost.

Banner Image

နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်အတွက် ပြီးပြည့်စုံမှုအရှိဆုံးပြိုင်ဘက်ကို ရွေးချယ်ပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက လီဗာပူးကို သူ့ရဲ့နည်းပြဘ၀ ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မှုအတွက် ပြီးပြည့်စုံမှုအရှိဆုံး ပြိုင်ဘက်ဖြစ်တယ်လို့ ဆိုပါတယ်။

မနက်ဖြန်(တနင်္ဂနွေနေ့)၊ အီတီဟတ်ကွင်းမှာ လီဗာပူးကို ဧည့်ခံကစားချိန် စပိန်သားက စီနီယာနည်းပြဘ၀ ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မယ့်အခိုက်အတန့်ကို ကျော်ဖြတ်သွားပါလိမ့်မယ်။
ဒီပွဲစဉ်က ပက်ဂွါဒီယိုလာအတွက် မှတ်တိုင်တစ်ခုဖြစ်ရုံသာမက ပြီးခဲ့တဲ့ဘောလုံးရာသီရှစ်ခုအတွင်း မန်စီးတီး (သို့မဟုတ်) လီဗာပူးသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ အခုရာသီ၊ ချန်ပီယံပြေးလမ်းအတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။

ဒီကာလအတွင်း ပက်ဂွါဒီယိုလာက မန်စီးတီးကို ချန်ပီယံဆုခြောက်ကြိမ်ရရှိအောင် လမ်းညွှန်ပေးခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာအတွက် လီဗာပူးနဲ့ အမှတ်ရစရာတိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက နည်းပြဘဝသက်တမ်းတလျှောက် အကြီးမားဆုံးပြိုင်ဘက်ကြီးနဲ့ရင်ဆိုင်ရချိန် အခုလိုမျိုးမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်တာ သင့်တော်ပါတယ်လို့ ဆိုပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ အခုလိုမျိုးအခိုက်အတန့်အတွက် ပြိုင်ဘက်တစ်ဦးကို ရွေးချယ်ရမယ်ဆိုရင် အများပြည်သူနဲ့လည်း ကျွန်တော် မျှဝေပေးသွားချင်ပါတယ်။ ဒါပေမဲ့ အခုထိပ်တိုက်တွေ့ဆုံမှုက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီနိုင်ငံမှာ အရင်ထက် ပိုကြာကြာ နေထိုင်ခဲ့ပြီးပါပြီ။ ဒါက ကျွန်တော့်ရဲ့ဘဝအပေါ် သက်ရောက်မှုရှိပါတယ်။ ဘာစီလိုနာက ကျွန်တော့်ရဲ့ကလပ်အသင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာလည်း အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာတော့ ကျွန်တော့်အတွက် လီဗာပူးက ပြိုင်ဘက်ကြီးဖြစ်ပါတယ်။ 

အထူးသဖြင့် ယာဂန်ကလော့ပ်ပေါ့။ ဒီထက်ပိုကောင်းတာ မရှိနိုင်ပါဘူး။ ကံကြမ္မာကိုယ်တိုင်လည်း ဒီလိုပဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် လုပ်သွားရပါမယ်။ ဒီပွဲစဉ်မှာ အရာအားလုံး လျှင်လျှင်မြန်မြန်ဖြစ်ပေါ်သွားနိုင်တယ်ဆိုတာ သိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကပဲ လီဗာပူးက ရှုံးပွဲခြောက်ပွဲနဲ့အတူ မုန်တိုင်းထန်တဲ့ကာလကို ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ပွဲနှစ်ခုနဲ့အတူ သူတို့ရဲ့အကောင်းဆုံးပုံစံဆီ သူတို့တွေ ပြန်လာပါပြီ။

ပိုပြီးအမြင်ကျယ်ကျယ်ရှိစေဖို့ နည်းပြအားလုံး အချိန်ယူကြတယ်ဆိုတာ သေချာပါတယ်။ ဒီပြိုင်ပွဲမှာ လူတိုင်းအတွက် အတက်အကျဆိုတာ ရှိပါတယ်။ အခုအချိန်မှာတော့ လီဗာပူးနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပိုမိုမြင့်မားတဲ့ယူဆချက်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ရာသီမှာ ခုနစ်ပွဲကစား၊ ခြောက်ပွဲအထိ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အတူတူပါပဲ”လို့ ဆိုပါတယ်။
အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးနိမ့်ပြီးနောက် အကောင်းဆုံးပုံစံဆီ ပြန်လာနိုင်ခဲ့ပါတယ်။

သူတို့တွေက အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရင်ဆိုင်ရချိန် အရည်အသွေးကောင်းတွေ ချပြခဲ့ပြီး မန်စီးတီးကလည်း နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ ခြောက်ပွဲအထိ အနိုင်ရရှိထားပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း ခက်ခဲတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သူ့ရဲ့အသင်းဟာ ခုနစ်ရက်တာကာလအတွင်း သုံးကြိမ်မြောက်နိုင်ပွဲကို ရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ပက်ဂွါဒီယိုလာက “ ကျွန်တော်တို့ ပိုကောင်းလာပြီဆိုတာ နောက်တစ်ကြိမ် သက်သေပြသွားရပါမယ်။ နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိမှုက အကူအညီတွေ အများကြီးဖြစ်ထွန်းပါတယ်။
ဆွမ်ဆီးက ကျွန်တော်တို့ကို အကူအညီအများကြီးပေးခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ ကောင်းတဲ့အရာများစွာကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ဘုန်းမောက်၊ ဒေါ့မွန်တို့နဲ့ ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို ကျွန်တော်တို့ သိရှိထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို ကျွန်တော်ကြည့်ရှုခဲ့ပြီး လီဗာပူးရဲ့အရည်အသွေးကို မြင်တွေ့ခဲ့ပါတယ်။ သူတို့က ထိပ်တန်းအသင်းတစ်ခု ဖြစ်ပါတယ်။

ကျွန်တော်ရဲ့နှစ်ပတ်လည်အခိုက်အတန့်ကို ကွင်းတွင်းမှာဂုဏ်ပြုပေးဖို့ ကျွန်တော်တို့အသင်းပရိသတ်တွေ ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ အရေးကြီးတဲ့ပြိုင်ဘက်ကို ကျွန်တော်တို့တွေ အတူတကွ အနိုင်ယူသွားဖို့လည်း မျှော်လင့်မိပါတယ်”လို့ ထပ်လောင်းပြောကြားပါတယ်။