
အနာဂတ်မှာ လီဗာပူးဆီပြန်လာဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြောခဲ့တဲ့ ယာဂန်ကလော့ပ်
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က အနာဂတ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းဆီ ပြန်လာကောင်းပြန်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက်-၅၈ နှစ်အရွယ်နည်းပြကြီးက ကမ္ဘာပေါ်မှာ ဖိအားအများဆုံးအလုပ်တစ်ခုကို ကိုင်တွယ်ဖို့အတွက် စွမ်းအင်တွေကုန်ခမ်းသွားပြီဆိုတဲ့ အယူအဆနဲ့အတူ ၂၀၂၄ ခုနှစ်မှာ ကိုးနှစ်ကြာကိုင်တွယ်ခဲ့တဲ့ လီဗာပူးကို စွန့်ခွာသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ အစပိုင်းမှာပဲ သူက Red Bull အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲတာဝန်ယူခဲ့ပြီး နည်းပြဘဝကိုစွန့်လွှတ်ကာ လူမြင်ကွင်းနောက်ကွယ်မှာ လုပ်ကိုင်ဆောင်ရွက်ရမှုကြောင့် အတိုင်းမသိ ပျော်ရွှင်မိတယ်လို့ အကြိမ်ကြိမ်ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ လတ်တလောအင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ သူက ဘောလုံးပွဲတွေရဲ့နောက်ကွယ်ဘဝကို တွေးတောရင်း အခွင့်အရေးရရှိမယ်ဆိုရင် လီဗာပူးဆီ ပြန်လာမယ်လို့ ပြောကြားခဲ့ပါတယ်။
ယာဂန်ကလော့ပ်က “ ဘယ်အင်္ဂလန်ကလပ်အသင်းကိုမှ မကိုင်တွယ်တော့ဘူးဆိုတာ ကျွန်တော်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် လီဗာပူးဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဟုတ်ပါတယ်၊ သီအိုရအရဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ အခုကျွန်တော်တာဝန်ယူထားတဲ့အလုပ်ကိုလည်း သဘောကျပါတယ်။ နည်းပြဘဝကို ကျွန်တော် မလွမ်းပါဘူး။ အခုလည်း ကျွန်တော်က နည်းပြတာဝန်ပဲ ထမ်းဆောင်နေတာလေ။ ဒါပေမဲ့ နည်းနည်းတော့ ကွာခြားသွားတာပေါ့။
မိုးရေတွေထဲမှာ နှစ်နာရီ၊ သုံးနာရီလောက်အထိ မတ်တပ်ရပ်နေရတဲ့ဘဝမျိုး၊ ရက်သတ္တပတ်တစ်ခုအတွင်း သတင်းစာရှင်းလင်းပွဲသုံးကြိမ်လောက် တက်နေရတဲ့ဘဝမျိုး၊ အင်တာဗျူး ၁၂ ကြိမ်လောက် ဖြေပေးနေရတဲ့ဘဝမျိုးကို ကျွန်တော် မလွမ်းဆွတ်ပါဘူး။ ပွဲ ၁၀၀၀ ကျော် နည်းပြလုပ်ခဲ့ဖူးလို့ အဝတ်လဲခန်းထဲကို မကြာခဏဆိုသလို ရောက်ခဲ့ဖူးပါတယ်။ ဒီလိုဘဝမျိုးကို မလွမ်းဆွတ်ပါဘူး။ ကျွန်တော့်ရဲ့ဘဝကို အဝတ်လဲခန်းထဲမှာပဲ မကုန်ဆုံးချင်ပါဘူး”လို့ ပြောပါတယ်။
ကလော့ပ်က လီဗာပူးရဲ့နှစ်ပေါင်း ၃၀ ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သလို အဲ့ဒီရာသီမတိုင်ခင်မှာ အသင်းအတွက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးခဲ့ပါတယ်။ အသင်းဟောင်းဆီ ပြန်လာနိုင်ခြေနဲ့ပတ်သက်လို့ ပိုပြီးပြည့်ပြည့်စုံစုံပြောကြားပေးဖို့ တောင်းဆိုချိန်မှာတော့ ဂျာမန်သားက အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာ သူကိုယ်တိုင်လည်း အတိအကျမသိပါဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။
ယာဂန်ကလော့ပ်က “ ကျွန်တော့်အသက် ၅၈-နှစ်ဆိုတော့ တခုခုတော့ ဖြစ်လာနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ဒီနေ့မှာတင် ကျွန်တော့်ကို ဆုံးဖြတ်ချက်ချစေချင်တာလာ? ဒါဆိုရင်တော့ နည်းပြဘဝဆီ ကျွန်တော် ပြန်မသွားနိုင်ပါဘူး။ ဒါပေမဲ့ အခုလိုမျိုးအလျှင်စလိုဆုံးဖြတ်ဖို့ မလိုအပ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုတော့ ကျွန်တော် စောင့်ကြည့်သွားနိုင်ပါတယ်။
အခုတော့ ကျွန်တော့်အတွက် ကျွန်တော်ချစ်မြတ်နိုးရတဲ့စီမံကိန်းတစ်ခု ရှိနေပါပြီ။ အခုအချိန်မှာ ကိုယ်ကြိုက်တဲ့အရာကိုပဲ ကိုယ်လုပ်နေတာပါ။ ကျွန်တော့်ရဲ့စိတ်ထဲမှာလည်း ငါသာ ရာနှုန်းပြည့်အာရုံစိုက်ထားမယ်ဆိုရင် အရမ်းကောင်းတဲ့အရာကို လုပ်နိုင်မယ်လို့ တွေးထားပါတယ်”လို့ ပြောပါတယ်။