The network connection is lost.

Banner Image

မန်စီးတီးရှုံးပွဲအတွက် ကွင်းလယ်ဒိုင်တွေကို အပြစ်မတင်ဘူးလို့ ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာက ယနေ့နံနက် နယူးကာဆယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ အခြေအနေတွေရှိခဲ့ပေမဲ့ တာဝန်ရှိသူတွေကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပထမပိုင်းအတွင်း ဖေဘီယန်ရှား ဧရိယာထဲ ဖီးလ်ဖိုဒန်အပေါ် ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပင်နယ်တီတောင်းဆိုခဲ့ကြသလို၊ နယူးကာဆယ်ရဲ့ အနိုင်ဂိုးကိုလည်း VARက အချိန်ကြာမြင့်စွာ ကြည့်ရှုပြီးမှ အငြင်းပွားဖွယ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက "VAR ဆုံးဖြတ်ပြီးနောက်မှာတော့ ဒီအတိုင်းပါပဲ။ သူတို့ အတိအကျသိပါတယ်"လို့ BBC ကို ပြောကြားခဲ့ပါတယ်။ 

ပွဲအပြီး ကွင်းလယ်ဒိုင်နဲ့ စကားပြောခဲ့ပေမဲ့ မေးခွန်းထုတ်စရာမရှိပါဘူးလို့လည်း ထပ်ပြောခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်မှာ နှစ်ဖက်စလုံး အခွင့်အရေးတွေ အများကြီးလွဲချော်ခဲ့ကြပြီး ဂိုးတွေအားလုံးဟာ ၆၃ မိနစ်နဲ့ ၇၀ မိနစ်ကြားမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။  နယူးကာဆယ်အတွက် ဟာဗေးဘန်းစ်က နှစ်ဂိုးသွင်းယူခဲ့ပြီး စီးတီးအတွက် ရူဘင်ဒီယက်စ်က ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက"ဂိုးသမားနှစ်ယောက်စလုံး ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ အခွင့်အရေးတွေလွဲချော်ခဲ့ပါတယ်။ အခွင့်အရေးတွေများတဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အစပိုင်းမှာ ကျွန်တော်တို့ ဂိုးရဖို့ ပိုနီးစပ်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက ၂၆ မှတ်ရထားတဲ့ အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ တစ်ပွဲပိုကစားထားပြီး ၂၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

"နယူးကာဆယ်က ထိပ်တန်းအသင်း၊ ထိပ်တန်းကစားသမားတွေ၊ ထိပ်တန်းနည်းပြရှိနေပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီညမှာ ကျွန်တော်တို့ ရရှိထားတဲ့ အရှိန်အဟုန်ကို ဆက်မထိန်းနိုင်ခဲ့ပါဘူး။ ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး အခွင့်အရေးတွေရခဲ့ပါတယ်။ ပြီးတော့ အပြောင်းအလဲဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး"လို့ ဂွါဒီယိုလာက ပြောပါတယ်။