The network connection is lost.

Banner Image

ဒီရာသီမှာ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးဖို့ ၂၀ ရာခိုင်နှုန်းသာအခွင့်အရေးရှိတယ်လို့ အာစင်ဝင်းဂါးပြော

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက မန်စီးတီးကို ၀-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ၂၀ ရာခိုင်နှုန်းသာအခွင့်အရေးရှိတော့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ကြားရက်က အက်စတွန်ဗီလာနဲ့ပွဲမှ လီဗာပူးရဲ့ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့ခြင်းမရှိဘဲ စနေနေ့မှာ ဝက်စ်ဟမ်းကို ၀-၁ နဲ့ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ လီဗာပူးက နောက်ထပ်နိုင်ပွဲရရှိခဲ့တာကြောင့် အမှတ်ပေးဇယားအတွင်း အာဆင်နယ်ကို ရမှတ် ၁၁ မှတ်အထိ ဖြတ်တောက်ထားလိုက်ပြီဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်မှာ လီဗာပူးအတွက်ဂိုးတွေကို တောင်ပံကစားသမား မိုဟာမက်ဆာလက်နဲ့ ကွင်းလယ်လူ ဒိုမီနစ်ဆိုဘိုဆလိုင်းတို့က ပထမပိုင်းမှာပဲ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး မန်စီးတီးအနေနဲ့ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိလို့  အိမ်ကွင်းအီတီဟတ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာ လီဗာပူးဟာ ကာတစ်ဂျုံးစ်ရဲ့သွင်းဂိုး ၁ ဂိုးထပ်မံရရှိခဲ့သေးပေမယ့် VAR နဲ့စစ်ဆေးရာမှာ လူကျွံနေခဲ့ပြီး ပြန်လည်ပယ်ဖျက်ခံခဲ့ရတာကြောင့် မန်စီးတီးတို့ သက်သာရာရခဲ့ပါတယ်။ 

မန်စီးတီးနဲ့ လီဗာပူးတို့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ အာစင်ဝင်းဂါးက "တကယ်လို့ ဒီနေ့မှာ လီဗာပူးသာအနိုင်ရခဲ့ရင် သူတို့ချန်ပီယံဖြစ်ဖို့အခွင့်အရေးက ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံဖြစ်ဖို့ ၂၀ ရာခိုင်နှုန်းအခွင့်အရေးရှိမလားလို့ မေးမြန်းခဲ့ရာ ဝင်းဂါးက "ရှိလောက်ပါတယ်။ ဒါ ကျွန်တော်သဘောထားကြီးကြီးနဲ့ ဒီလောက်အထိ မျှော်မှန်းပေးထားတာပါ။ ဒါပေမယ့် ပြိုင်ပွဲပြီးဖို့က ၁၁ ပွဲကျန်နေသေးပြီး လီဗာပူးက တစ်ပွဲပိုကစားထားတယ်ဆိုတော့ အာဆင်နယ်မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးက ကျန်နေသေးတယ်လို့ ပြောရမှာပါပဲ'

"ရာသီအစကတည်းက လီဗာပူးက ၁ ပွဲပဲရှုံးထားပြီး ကျန်တဲ့ ၁၁ ပွဲမှာ ၄ ပွဲရှုံးမှ ချန်ပီယံလမ်းကြောင်းပေါ်ကနေ သွေဖယ်သွားမှာပါ။ ဒါပေမယ့် တစ်ရာသီလုံးမှာ ၁ ပွဲပဲရှုံးထားတဲ့အသင်းက နောက်ဆုံး ၁၁ ပွဲကျမှ ၄ ပွဲရှုံးပါ့မလား" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်းက မန်စီးတီးဘက်ကို ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးခဲ့တဲ့ လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်ကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဝင်းဂါးက "ဒီနှစ်ဘောလွန်းဒီအော်ဆုအတွက် သူ့ကိုချန်လှပ်ထားလို့မရတော့ပါဘူး။ သူက ခီလီယန်အမ်ဘော၊ ဗင်နီစီးယက်စ်ဂျူနီယာတို့နဲ့ အပြိုင်ဖြစ်နေမှာပါ။ ပြီးတော့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့သွင်းဂိုးနဲ့ ဖန်တီးမှု စုစုပေါင်းက ၃၈ ကြိမ်တောင်ရှိနေပြီဆိုတော့ ဘယ်ဆုအတွက်မဆိုသူ့မှာ အခွင့်အရေးရှိနေပါပြီ။ သူအခုလို တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာတာကိုကြည့်ရတာ ကျွန်တော်အရမ်းသဘောကျပါတယ်။ အဆုံးသတ်စွမ်းရည်အရမ်းကောင်းလာပါတယ်။ သူက ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်သလို၊ ထက်မြက်တဲ့ကစားသမားတစ်ယောက်ဆိုလည်း မမှားပါဘူး" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။