The network connection is lost.

Banner Image

စပိန်စူပါဖလားဗိုလ်လုပွဲမှာ အမ်ဘာပေကို စွန့်စားပွဲထုတ်မလားဆိုတာ ဆုံးဖြတ်ရမယ့် အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် အသင်းနဲ့အတူ လိုက်ပါလာခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ 
ဒါပေမဲ့ အမ်ဘာပေကို ပွဲထုတ်ဖို့ ဆုံးဖြတ်ချက်ကတော့ အကိုက်အခဲပျောက်ဆေး ထိုးပြီး ကစားခိုင်းရမယ့်အထိ ဖြစ်လာနိုင်တာမို့ ဒါဟာ သေချာတွက်ဆရမယ့် စွန့်စားမှုတစ်ခု ဖြစ်နေမှာပါ။
ဒီနှစ်ရာသီ ရီးရဲလ်မက်ဒရစ်သွင်းဂိုးတွေရဲ့ ထက်ဝက်ကျော်မှာ ပါဝင်ပတ်သက်နေတဲ့ အမ်ဘာပေဟာ ဒီဇင်ဘာလအစောပိုင်းကတည်းက ဒဏ်ရာဝေဒနာကို အောင့်အည်းသည်းခံခဲ့ရပြီး လေ့ကျင့်ခန်းမှာ ဒူးလိမ်သွားခဲ့တာပါ။ 
အစောပိုင်း ဆေးစစ်ချက်တွေအရ ဒီပြိုင်ပွဲကို လွဲချော်မယ်လို့ ထင်မှတ်ခဲ့ရပေမဲ့ မျှော်လင့်ထားတာထက် ပိုမြန်တဲ့ ပြန်လည်သက်သာလာမှုကြောင့် ဆော်ဒီမှာ ကစားမယ့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အခွင့်အရေး ရှိလာခဲ့တာ ဖြစ်ပါတယ်။
စနေနေ့မှာတော့ အလွန်ဆိုက "သူ အများကြီး သက်သာလာပါပြီ။ အစကတော့ သူက အက်သလက်တီကိုနဲ့ပွဲမှ ကစားနိုင်မယ့် အခြေအနေမျိုးမို့ ကျွန်တော်တို့ သူ့ကို အလောတကြီး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့ရင်တော့ သူ့ရဲ့ ခံစားချက်ပေါ် မူတည်ပြီး ခေါ်လာမယ်လို့ စဉ်းစားခဲ့တာပါ" လို့ ဆိုပါတယ်။ နည်းပြဖြစ်သူက အမ်ဘာပေကို လေ့ကျင့်ခန်းအစီအစဉ်မှာ စောင့်ကြည့်ပြီးနောက် ဆေးအဖွဲ့ကနေ "သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်မလား၊ ဒါမှမဟုတ် မိနစ်အနည်းငယ်ပဲ ပေးကစားမလား" ဆိုတာကို ဆုံးဖြတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အမ်ဘာပေကို ကစားနိုင်စေဖို့ အကိုက်အခဲပျောက်ဆေး ထိုးပေးဖို့ အစီအစဉ် ရှိ၊ မရှိ တိုက်ရိုက်မေးမြန်းမှုကိုတော့ အလွန်ဆိုက သတိထားဖို့ လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။ 
"ကျွန်တော်တို့ စွန့်စားမှုကို တွက်ဆရပါမယ်။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ သိဖို့လိုသလို ဆုံးဖြတ်ချက်တွေအတွက်လည်း တာဝန်ယူရမှာပါ။ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ့် (kamikazes) တွေ မဟုတ်ပါဘူး။ ဒါဟာ ထိန်းချုပ်ထားနိုင်တဲ့ စွန့်စားမှုမျိုးပဲ ဖြစ်ရပါမယ်" လို့ အလွန်ဆိုက ဆိုပါတယ်။