ရီးရဲလ်မက်ဒရစ်မှာ အထိုင်ကျဖို့ အမ်ဘာပေရဲ့ကြိုးပမ်းမှုကာလ လွန်မြောက်လာခဲ့ပြီလို့ ရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ
အန်ဆယ်လော့တီက စပိန်မြေမှာအထိုင်ကျနိုင်ရေးအတွက် အမ်ဘာပေလုပ်ဆောင်နေရတဲ့ အချိန်ကာလ လွန်မြောက်လာပြီဖြစ်ပြီး ပြင်သစ်ကြယ်ပွင့်အနေဖြင့် ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ရေး ပိုမိုစိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက ရီးရဲလ်မက်ဒရစ်အတွက် အခုအချိန်အထိ မျှော်လင့်ထားသလောက် ထိပ်တန်းခြေစွမ်းမျိုး မပြသထားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ အမ်ဘာပေဟာ အကောင်းဆုံးကြိုးစားကစားနေပြီး ဆက်လက်တိုးတက်နိုင်ကာ အသင်းအတွက် ကစားပေးနေရမှုအပေါ် စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ အမ်ဘာပေကိုယ်တိုင် အသင်းသစ်မှာ အထိုင်ကျဖို့ လုပ်ဆောင်နေတဲ့ကာလ လွန်မြောက်လာခဲ့ပါပြီ။ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနေခဲ့ပေမယ့် ဆက်လက်တိုးတက်နေတုန်းပါပဲ။ နောက်ဆုံးရရှိခဲ့တဲ့ဒဏ်ရာမှ ပြန်သက်သာလာပြီးနောက် အမ်ဘာပေ ပိုပြီးတော့ စိတ်လှုပ်ရှားတက်ကြွနေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ အခြားသူတွေလိုပဲ သူ့အတွက် အချိန်တစ်ခုတော့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီအချိန်ကာလ လွန်မြောက်သွားပါပြီ”လို့ ပြောပါတယ်။
အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အတွက် ၂၂ ပွဲကစား၊ ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် စွမ်းဆောင်ထားနိုင်မှုက အခုလိုမှတ်တမ်းတွေအပေါ် ရောင်ပြန်ဟပ်နိုင်မှုမရှိပါဘူး။ ဒါပေမယ့် အသက်-၂၆ နှစ်အရွယ်ကစားသမားက နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံခြောက်ပွဲမှာ လေးဂိုးအထိ သွင်းယူထားလို့ တောက်ပတဲ့ခြေစွမ်းတွေ ပြန်လည်ရရှိနိုင်လိမ့်မယ်လို့ ယူဆနိုင်စရာရှိပါတယ်။
လာလီဂါအမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ အမ်ဘာပေရဲ့ရီးရဲလ်မက်ဒရစ်အသင်းက ဒီည၊ အိမ်ကွင်းမှာ ဆီဗီလာကို ဧည့်ခံကစားရင်း ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်သွားရပါမယ်။