နှစ်၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရာထူးအတွက် ပီရက်ဇ်ကို စိန်ခေါ်လိုက်တဲ့ စွမ်းအင်လုပ်ငန်းရှင်ရီကွယ်လ်မီး
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းရှင်ရီကွယ်လ်မီးက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါက ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းကို နှစ် ၂၀ ကျော်ကြာအုပ်ချုပ်ထားတဲ့ ဖလော်ရန်တီနိုပီရက်ဇ်ရဲ့နေရာအတွက် ပထမဆုံးအကြိမ် ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။
အသက် ၇၉ နှစ်အရွယ်ပီရက်ဇ်က သူ့ရဲ့ဥက္ကဋ္ဌသက်တမ်းကုန်ဆုံးဖို့ နှစ်နှစ်နီးပါးကျန်ရှိနေသေးပေမဲ့ လာမယ့်နှစ်၊ မေ ၁၂ ရက်မှာ ရွေးကောက်ပွဲသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပချန်ပီယံဆုကို ၁၅ ကြိမ်အထိ စံချိန်တင် ရယူထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ရာသီဆက်ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် အခုလိုရွေးကောက်ပွဲအခင်းအကျင်း ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ သူတို့ရဲ့အဓိကပြိုင်ဘက်ဘာစီလိုနာက လာလီဂါချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ရီကွယ်လ်မီးက ဥရောပနဲ့ လက်တင်အမေရိကတိုက်တွေမှာ နေရောင်ခြည်စွမ်းအင်လုပ်ငန်းတွေကို အထူးပြုလုပ်ကိုင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ Cox Energy ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ချီလီ၊ မက္ကဆီကိုနဲ့ စပိန်နိုင်ငံတွေမှာ စီမံကိန်းကြီးတွေ အဓိကလည်ပတ်လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ကုမ္ပဏီက Ibox Energy မှတဆင့် စပိန်နိုင်ငံရဲ့စွမ်းအင်စီမံကိန်း ၁ဒဿမ၂ ဂစ်ဂါဝပ်ထက်မနည်းကို စီမံခန့်ခွဲပေးနေပါတယ်။
Cox Energy ရဲ့အကြီးမားဆုံးလုပ်ဆောင်ချက်တစ်ခုကတော့ ၂၀၂၅ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံရှိ Iberdrola ရဲ့ ပိုင်ဆိုင်မှုတွေကို ကြွေးမြီတွေအပါအဝင် အမေရိကန်ဒေါ်လာ ၄ဒဿမ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်ကြီးနဲ့ ACS Group ရဲ့ စီအီးအို ပီရက်ဇ်ဆီ လိပ်မူထားတဲ့ မေ ၁၃ ရက်အိတ်ဖွင့်ပေးစာမှာ ရီကွယ်လ်မီးက အသင်းရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အခုထက်ပိုပြီး ဒီမိုကရေစီဆန်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံးအဖွဲ့အစည်းတွေဆိုတာ "အတွေ့အကြုံနဲ့ အသစ်တဖန်ဖြစ်မှု၊ အတိတ်နဲ့ အနာဂတ်" တို့ကို ပေါင်းစပ်ထားတဲ့ အရာတွေဖြစ်တယ်လို့လည်း သူက ဆိုထားပါတယ်။