ဂျီရိုနာနဲ့အတူ ယူနိုက်တက်ကြယ်ပွင့်ဟောင်းနှစ်ဦး လာလီဂါမှတန်းဆင်း
ဒီတစ်ပတ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းသားဟောင်းတွေဖြစ်တဲ့ ဒါလေဘလင်းနဲ့ ဒွန်နီဗန်ဒီဘိခ်တို့ရဲ့ ဂျီရိုနာအသင်းဟာ လာလီဂါကနေ တန်းဆင်းသွားခဲ့ရတာကြောင့် သူတို့အတွက်တော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတာပါ။
လာလီဂါမှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ဂျီရိုနာဟာ အယ်ချီအသင်းနဲ့ ၁-၁ ဂိုးစီ အကြိတ်အနယ် သရေကျခဲ့တဲ့ပွဲစဉ်မှာ အနိုင်မရရှိခဲ့တာကြောင့် ထိပ်တန်းလိဂ်ကနေ ထွက်ခွာပြီး စပိန်ဒုတိယတန်း (Segunda) ကို ဆင်းသွားခဲ့ရပါတယ်။
ဂျီရိုနာအသင်းအတွက် ဒီရာသီက တကယ့်ကို ခက်ခဲပင်ပန်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ကစားခဲ့ပြီး တစ်နှစ်အကြာမှာတင် ဒုတိယတန်းကို တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။
ဂျီရိုနာဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာပါ။ သူတို့ရဲ့ နောက်ဆုံးနိုင်ပွဲကတော့ ဗီလာရီးယဲလ်အသင်းကို ပေါ်နာဗာရိုးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၁-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရာသီက အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့ ကာတာလန်ကလပ်ဟာ တန်းတင်ကျန်ဖို့အတွက် အနိုင်ရဖို့ လိုအပ်ခဲ့တာပါ။ အခုလို တန်းဆင်းသွားခဲ့ရတာကြောင့် အသင်းမှာရှိတဲ့ နာမည်ကျော်ကစားသမားတွေဟာ တန်းဆင်းရတဲ့ဒဏ်ကို လက်ခံနိုင်ဖို့ ကြိုးစားနေကြရပါတယ်။
အငှားနဲ့ လာရောက်ကစားနေတဲ့ မန်စီးတီး လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗီတာရိုက်စ်၊ ကလော်ဒီယို အီချီဗာရီတို့အပြင် မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ဒါလေဘလင်းနဲ့ ဗန်ဒီဘိခ်တို့လို ထိပ်တန်းကစားသမားတွေ စုစည်းနေပေမဲ့လည်း အသင်းကို တန်းမဆင်းရအောင် မကယ်တင်နိုင်ခဲ့ကြပါဘူး။
အသင်းရဲ့ ဂိုးသမားအဖြစ် စပါးနဲ့ ဆောက်သမ်တန် ဂိုးသမားဟောင်း ပေါ်လို ဂါဇာနီဂါက ကစားပေးခဲ့သလို ဘာစီလိုနာကနေ အငှားနဲ့လာရောက်နေပြီး ရာသီဝက်မှာ ဒဏ်ရာရနေခဲ့တဲ့ မာ့ခ်အန်ဒရေ တာစတီဂန်လည်း အသင်းမှာ ပါဝင်နေတာပါ။
စပါးတိုက်စစ်ကစားသမားဟောင်း ဘရိုင်ယန်ဂီလ်နဲ့ ကမ္ဘာ့ဖလားချန်ပီယံ သောမတ်စ်လီမာတို့လည်း အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ဒီလိုမျိုး ကြယ်ပွင့်တွေ စုံလင်နေတဲ့ အသင်းဖြစ်ပေမဲ့လည်း တန်းတင်ကျန်နိုင်လောက်တဲ့အထိ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။