ဘရန့်ဖို့ဒ်ဂိုးသမား ခယ်လာဟာ ပိုင်ဆိုင်ထားတဲ့ မလိုချင်စရာ မှတ်တမ်းဆိုးကို လိုက်မီသွားတဲ့ အက်သလက်တီကိုဂိုးသမား မူဆို
အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဟွမ်မူဆိုဟာ ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသမားတစ်ဦးအတွက် အဆိုးရွားဆုံးမှတ်တမ်းတစ်ခုကို လိုက်မီသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ဗီလာရီးယဲလ်နဲ့ လာလီဂါပွဲစဉ်မှာ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မူဆိုဟာ ပယ်နယ်တီဧရိယာအတွင်း နီကိုလပ်စ်ပီပီကို ဖျက်ထုတ်ခဲ့တာကြောင့် ပြိုင်ဘက်ကို ပယ်နယ်တီခွင့်ပြုပေးခဲ့ရပါတယ်။
အဆိုပါပယ်နယ်တီကို ဒါနီပါရီဟိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဂိုးတွေအများကြီးမြင်တွေ့ခဲ့ရတဲ့ ပထမပိုင်း ပွဲချိန် ၂၉ မိနစ်မှာ ဗီလာရီးယဲလ်အသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။
ဒီပယ်နယ်တီကြောင့် မူဆိုဟာ ၂၀၂၅-၂၆ ရာသီ ပြိုင်ပွဲစုံမှာ ပယ်နယ်တီ ၃ ကြိမ်အထိ ခွင့်ပြုပေးထားခဲ့ရပြီး ဘရန့်ဖို့ဒ်ဂိုးသမား ကာအိုမင်ခယ်လာဟာ တင်ရှိထားတဲ့ မှတ်တမ်းဆိုးကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ နည်းပြဒီယေဂိုဆီမြွန်နီ လက်ထက်မှာ တစ်ရာသီအတွင်း ပယ်နယ်တီအများဆုံး ခွင့်ပြုထားရတဲ့ အက်သလက်တီကိုဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။