အပြုအမူပိုင်းဆိုင်ရာ စိုးရိမ်မှုတွေရှိနေပေမဲ့ အမ်ဘာပေအတွက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်
လတ်တလောမှာ အမ်ဘာပေရဲ့အပြုအမူတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေပေမဲ့ သူ့ကိုရောင်းချဖို့ ရှိ၊မရှိ ဆိုတဲ့ကိစ္စအပေါ် ရီးရဲလ်မက်ဒရစ်အသင်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီလို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသက် ၂၇ နှစ်အရွယ်အမ်ဘာပေ ရောက်ရှိလာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းအတွက် လက်ခံနိုင်စရာမရှိတဲ့ နှစ်ရာသီဆက် ဖလားလက်မဲ့ဖြစ်နေတဲ့အခြေအနေ ထွက်ပေါ်လာပါတယ်။
စပိန်နိုင်ငံသတင်းတွေအရ အမ်ဘာပေက အဝတ်လဲခန်းအတွင်းမှာရော၊ ကွင်းတွင်းကစားပုံမှာပါ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဟန်ချက်ကို ပျက်ပြားစေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ Defensa Central ရဲ့အဆိုအရ အခုလိုစိုးရိမ်စရာအချက်တွေ ရှိနေပေမဲ့လည်း ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို လက်လွှတ်ဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ သိရပါတယ်။
အသင်းဥက္ကဋ္ဌပီရက်ဇ်ကလည်း အမ်ဘာပေရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး အသင်းအတွင်း သီးသန့်တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပေမဲ့ အသင်းမှာ ပြစ်သစ်ကြယ်ပွင့်ဆက်ရှိနေမယ်ဆိုတာကိုတော့ အခိုင်အမာပြောဆိုထားပါတယ်။
ဒီလိုပြဿနာတွေရှိနေပေမဲ့လည်း အမ်ဘာပေက အခုဘောလုံးရာသီမှာ အံ့အားသင့်စရာ ခြေစွမ်းတွေ ပြသနေပြီး ပြိုင်ပွဲစုံ ၄၁ ပွဲကစားထားရာမှာ ၄၁ ဂိုး သွင်းယူပေးထားတဲ့အပြင် ဂိုးဖန်တီးမှုငါးကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။