နေမာပါဝင်လာပြီး ဂျော်အိုပက်ဒရို ချန်လှပ်ခံရတဲ့ ဘရာဇီးလ်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်း
အချိန်ကာလသုံးနှစ်နီးပါးကြာ လက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တဲ့ ဘရာဇီးစူပါစတားနေမာက တနင်္လာနေ့မှာထုတ်ပြန်ခဲ့တဲ့ ဘရာဇီးအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ အံ့အားသင့်ဖွယ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲကစား၊ ၇၉ ဂိုးသွင်းယူပေးထားသလို အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ နေမာကိုရွေးချယ်မှုက နည်းပြအန်ဆယ်လော့တီထုတ်ပြန်ခဲ့တဲ့ ကစားသမား ၂၆ ဦးပါလူစာရင်းမှာ အကြီးမားဆုံးအံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
ရီယိုဒီဂျနေးရိုးမှာကျင်းပတဲ့ အခမ်းအနားတစ်ခုအတွင်း အန်ဆယ်လော့တီက နေမာရဲ့အမည်ကို ကြေညာခဲ့ပြီး ဒီဝါရင့်တိုက်စစ်မှူး ပြန်လည်ပါဝင်လာမှုကို အတည်ပြုလိုက်ချိန် ပရိသတ်တွေဆီမှ ကျယ်လောင်တဲ့ အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်အသင်းဆီ အသက် ၃၄ နှစ်အရွယ် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ပြန်လာနိုင်မလားဆိုတာနဲ့ပတ်သက်လို့ လပေါင်းများစွာ ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဝါရင့်ကစားသမားနေမာက ၂၀၂၃ ခုနှစ်၊ ဥရုဂွေးနဲ့ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ဒူးဒဏ်ရာရရှိသွားပြီးနောက်ပိုင်း ဘရာဇီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပါဘူး။
ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် သူက အသင်းနဲ့ ဝေးကွာနေခဲ့ပြီး မတ်လ၊ ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ကြံ့ခိုင်မှုပိုင်းဆိုင်ရာစိုးရိမ်ချက်တွေကြောင့် အန်ဆယ်လော့တီရဲ့လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဆော်ဒီကလပ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ဇန်နဝါရီလမှာတော့ ငယ်ဘဝကလပ်ဖြစ်တဲ့ ဆန်းတို့စ်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ နေမာက လတ်တလော အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အန်ဆယ်လော့တီရဲ့အတည်ပြုရွေးချယ်မှုကို ရရှိသွားခဲ့ပါပြီ။
ရွေးချယ်ခံရသည့် လူစာရင်း
ဂိုးသမား- အလီဆင် (လီဗာပူးလ်)၊ အီဒါဆန် (ဖီနာဘာချီ)၊ ဝီဗာတန် (ဂရီမီယို)
နောက်တန်း- အဲလက်စ်ဆန်ဒရို (ဖလာမင်ဂို)၊ ဒန်နီလို (ဖလာမင်ဂို)၊ လီယိုပယ်ရီယာ (ဖလာမင်ဂို)၊ ဘရီမာ (ဂျူဗင်တပ်စ်)၊ ဒေါက်ဂလပ်စ်ဆန်းတို့စ် (ဇင်းနစ်)၊ ဂါဘရီယယ်မာဂယ်လ်ဟေးစ် (အာဆင်နယ်)၊ အိုင်ဘန်နက်ဇ် (အယ်လ်အာလီ)၊ မာကွင်ဟိုစ် (ပီအက်စ်ဂျီ)၊ ဝက်စလေ (ရိုးမား)
အလယ်တန်း- ဘရူနိုဂွီမာယေးစ် (နယူးကာဆယ်)၊ ကတ်စ်မဲရိုး (မန်ယူ)၊ ဒန်နီလို (ဘိုတာဖိုဂို)၊ ဖာဘင်ဟို (အယ်လ်အစ်တီဟတ်)၊ ပါကွေတာ (ဖလာမင်ဂို)
ရှေ့တန်း- အန်းဒရစ် (လိုင်ယွန်)၊ မာတင်နယ်လီ (အာဆင်နယ်)၊ အီဂေါသီယာဂို (ဘရန့်ဖို့ဒ်)၊ လူးဝစ်ဟင်းနရစ် (ဇင်းနစ်)၊ ကွန်ဟာ (မန်ယူ)၊ နေမာ (ဆန်းတို့စ်)၊ ရာဖင်ဟာ (ဘာစီလိုနာ)၊ ရိုင်ယန် (ဘုန်းမောက်)၊ ဗင်နီးစီးယက်စ် (ရီးရဲလ်မက်ဒရစ်)