The network connection is lost.

Banner Image

ဒမ်ဘီလီက ပွဲပန်းရုံပဲဖြစ်တာမို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်လာနိုင်မယ်လို့ လူးဝစ်အင်းနရစ် အတည်ပြု

ပီအက်စ်ဂျီ နည်းပြ လူးဝစ်အင်းနရစ်က အော့စမန်နီဒမ်ဘီလီအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လာမယ့် မေလ ၃၀ ရက်နေ့ ဟန်ဂေရီနိုင်ငံ ပွတ်ရှ်ကပ်စ်အရီနာမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပအဆင့်မြင့်ဆုံးဖလားကို ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။

ဗိုလ်လုပွဲမတိုင်ခင်မှာ အာဆင်နယ်က ပီအက်စ်ဂျီရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပါရီဒါဘီပွဲစဉ်ဖြစ်တဲ့ ပါရီအက်ဖ်စီနဲ့ ပွဲမှာ ဒမ်ဘီလီတစ်ယောက် ပေါင်ခြံဒဏ်ရာလို့ ယူဆရတဲ့ အခြေအနေကြောင့် ပွဲစပြီး မိနစ် ၃၀ အတွင်းမှာတင် လူစားလဲခံလိုက်ရတာကို ကောင်းကောင်းသတိပြုမိခဲ့ပါတယ်။ ဘလွန်းဒီအောဆုရှင် ဒမ်ဘီလီဟာ ဂွန်ကာလိုရာမို့စ်နဲ့ လူစားလဲခံရပြီးနောက် ဝတ်လဲခန်းထဲကို တန်းစီဝင်သွားခဲ့တဲ့အတွက် ပီအက်စ်ဂျီပရိသတ်တွေကြားမှာ ဒီလကုန်မှာကစားမယ့် ဗိုလ်လုပွဲကို သူလွဲချော်သွားလေမလားဆိုပြီး စိုးရိမ်တကြီး ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပွဲအပြီးမှာတော့ နည်းပြ လူးဝစ်အင်းနရစ်က ပြင်သစ်တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ ပွဲတွေဆက်တိုက်ကစားထားရတာကြောင့် ပင်ပန်းနွမ်းနယ်နေရုံပဲ ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ "အော့စမန်နီနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှပြောစရာမရှိသေးပါဘူး၊ မနက်ဖြန်အထိတော့ စောင့်ကြည့်ရပါမယ်။ ကျွန်တော့်အမြင်အရတော့ ပင်ပန်းနေရုံပါပဲ။ အခုလောလောဆယ် ပြောနေကြတာတွေက ခန့်မှန်းချက်တွေပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မပြင်းထန်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ မနက်ဖြန်ကျရင် အသေးစိတ် ပိုသိရမှာပါ" လို့ ၎င်းက ဆိုပါတယ်။

ဒမ်ဘီလီဟာ ဒီရာသီ ဥရောပရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ ရရှိထားပြီး အဲ့ဒီထဲက ၆ ဂိုးကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ သွင်းယူထားနိုင်ခဲ့တာပါ။ နူနိုမန်ဒက်စ် (ခြေထောက်ဒဏ်ရာ)၊ အက်ရှ်ရပ်ဖ် ဟာကီမီ၊ လူကပ်စ် ရှယ်ဗာလီယာနဲ့ ကွမ်တင် နာဂျန်တူ (အားလုံး နောက်ပေါင်ဒဏ်ရာ) တို့ဟာ ဒီအပတ် ဒါဘီပွဲစဉ်ကို လွဲချော်ခဲ့ကြပေမဲ့ ဗိုလ်လုပွဲကစားဖို့ နှစ်ပတ်အလိုမှာတော့ ပီအက်စ်ဂျီအသင်းဟာ လူစုံတက်စုံနီးပါးနဲ့ ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းနေပြီ ဖြစ်ပါတယ်။