အကျင့်စရိုက်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေရှိနေပေမဲ့ အမ်ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်က အမ်ဘာပေရဲ့ အပြုအမူတွေကြောင့် စိုးရိမ်မှုတွေရှိနေပေမဲ့ သူ့ကို ရောင်းထုတ်မလား၊ မရောင်းဘူးလားဆိုတဲ့အပေါ် အခုတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီလို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမ်ဘာပေရဲ့ ရောက်ရှိလာမှုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လက်မခံနိုင်စရာကောင်းတဲ့ နှစ်ရာသီဆက်တိုက် ဖလားလက်မဲ့ဖြစ်နေတဲ့ကာလနဲ့ တိုက်ဆိုင်နေခဲ့တာပါ။
စပိန်ဘက်ကလာတဲ့ သတင်းတွေအရ အမ်ဘာပေဟာ ကွင်းထဲမှာရော၊ အသင်းဝတ်လဲခန်းထဲမှာပါ ရီးရဲလ်မက်ဒရစ်ရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေတယ်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ Defensa Central ရဲ့ အဆိုအရတော့ အသင်းဘက်က ဒီလိုစိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အမ်ဘာပေကို လက်လွှတ်ဖို့ လုံးဝဆန္ဒမရှိဘူးလို့ သိရပါတယ်။
ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က အမ်ဘာပေရဲ့ အကျင့်စရိုက်ပိုင်းနဲ့ ပတ်သက်ပြီး အသင်းအတွင်းမှာ သီးသန့်ခေါ်ယူစကားပြောသွားဖို့ ရှိနေပေမဲ့ သူ့ကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။
အမ်ဘာပေဟာ ပြဿနာပေါင်းစုံ ကြုံတွေ့နေရပေမဲ့လည်း ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၁ ပွဲကစားထားရာမှာ သွင်းဂိုး ၄၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားပြီး အံ့အားသင့်စရာကောင်းတဲ့ ခြေစွမ်းတွေကို ပြသနေတာလည်း ဖြစ်ပါတယ်။