
နည်းပြဖြစ်သူနဲ့ ထိပ်တိုက်စကားပြောဆိုဖို့ ပြင်ဆင်လာတဲ့ နယူးကာဆယ်စတား
ဆိုစီဒက်အသင်းမှာ တစ်ယောက်တည်းလေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် တိုက်စစ်မှူး အီဆက်တစ်ယောက် နယူးကာဆယ်အသင်းလေ့ကျင့်ရေးကွင်းကို ပြန်လာခဲ့ပြီလို့ သိရပါတယ်။ အသင်းထံပြန်လာခဲ့ပြီးနောက် အီဆက်ဟာ နည်းပြ ဟိုဝီနဲ့ ထိပ်တိုက်စကားပြောဆိုဖွယ်ရှိနေပါတယ်။ ဆွီဒင်သားဟာ လီဗာပူးအသင်းက ချိတ်ဆက်နေချိန် အသင်းရဲ့ရာသီကြိုခရီးစဉ်မှာ မပါဝင်ခဲ့တာကြောင့် ကောလဟာလတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အီဆက်ဟာ ဆိုစီဒက်ကွင်းမှာ သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် တနင်္လာနေ့တုန်းက နယူးကာဆယ်အသင်းထံ ပြန်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က အီဆက်ကို ခေါ်ယူဖို့ ကနဦးကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်ဘက်က ပယ်ချခဲ့ပါတယ်။ အီဆက်တစ်ယောက် ရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ပေမယ့် ဟိုဝီက သူ့အနေနဲ့ ကစားသမားရဲ့အကြောင်း မီဒီယာကနေ သင်ယူခဲ့ရပြီးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
စကိုင်းစပေါ့တ်သတင်းဌာနကတော့ အီဆက်ဟာ အခုအပတ်ထဲမှာ အနာဂတ်အတွက် ဟိုဝီနဲ့ ထိပ်တိုက်စကားပြောဆိုမယ်လို့ ဖော်ပြခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ အခုနွေမှာ စလော့ရဲ့လီဗာပူးအသင်းထံပြောင်းချင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။ နယူးကာဆယ်ဘက်ကလည်း အီဆက်ထွက်ခွာမှုအတွက် ကြိုတင်ပြင်ဆင်ထားပြီး လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို ချိတ်ဆက်ထားပါတယ်။
နယူးကာဆယ်ဘက်က အီဆက်အတွက် ပေါင်သန်း ၁၅၀ လောက်အလိုရှိနေပြီး လီဗာပူးအသင်း ကနဦးပေါင်သန်း ၁၁၀ နဲ့ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။ ရာသီသစ်ကလည်း နီးစပ်လာတာကြောင့် အီဆက်အခြေအနေကို အလျင်အမြန်ဖြေရှင်းရမှာဖြစ်ပြီး နယူးကာဆယ်အနေနဲ့ အီဆက်တစ်ဦးတည်းသာ အသင်းနဲ့ပူးပေါင်းဖို့ ကျန်နေတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ လီဗာပူးဘက်က ဒုတိယအကြိမ်ကမ်းလှမ်းဖွယ်ရှိနေပြီး ကွန်မြူနတီပွဲမတိုင်ခင် အပြောင်းအရွှေ့ကို အပြီးသတ်ချင်နေပါတယ်။ နယူးကာဆယ်ဟာ လာမယ့်သြဂုတ်လ ၂၅ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။