ချန်ပီယံလိဂ် ထိပ်ဆုံး ၈ သင်းနဲ့လွဲချော်ခဲ့ပေမယ့် ခရီးအရှည်ကြီးသွားရလည်း ကျေနပ်မိတယ်လို့ဆိုလာတဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင်းသို့တိုက်ရိုက်တက်ရောက်နိုင်မယ့် ထိပ်ဆုံး ၈ သင်းနေရာနဲ့လွဲချော်ခဲ့ပေမယ့် ပွဲစဉ်တွေအများအပြားကစားရမယ့်အပေါ် ပျော်ရွှင်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ထိပ်ဆုံး ၈ သင်းနေရာမှာမပါဝင်တာကြောင့် ယခုအခါ ပီအက်စ်ဂျီဟာ ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ ပလေးအော့ဖ်ပွဲစဉ်တွေ ဆက်လက်ကစားသွားရဦးမှာဖြစ်ပေမယ့် အဆိုပါပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေကြောင်းကို အင်းနရစ်က "ပလေးအော့ဖ်အဆင့်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေကိုပြန်ကြည့်ရင် ဒါက တကယ်ကိုခက်ခဲလွန်းတဲ့ ခရီးစဉ်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီဟာ လိဂ်အဆင့်ပွဲစဉ်တွေအပြီးမှာ ရမှတ် ၁၄ မှတ်သာ ရရှိပြီး အဆင့် ၁၁ နေရာမှာရပ်တည်ကာ ထိပ်ဆုံးက အာဆင်နယ်ထက် ရမှတ် ၁၀ အထိလျော့နည်းခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီဟာ လိဂ်အဆင့် ၈ ပွဲအတွင်း ၇ ပွဲကို ဥရောပထိပ်သီးလိဂ်မှ အသင်းတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်လို့ နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်နိုင်ဖို့ခက်ခဲကြောင်း အင်းနရစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အင်းနရစ်က "ကျွန်တော်ကို ထိပ်ဆုံး ၈ သင်းနဲ့လွဲချော်ခဲ့ပေမယ့် ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ကတော့ လျော့ကျသွားမှာမဟုတ်ပါဘူ။ ဒီမှာချန်ပီယံဖြစ်ဖို့ ကျွန်တော်တို့ထက်ပိုပြီးရေပန်းစားတဲ့အသင်းရှိမယ်လို့မထင်ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့်ကနေ တက်လာခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့ကာ အင်တာမီလန်ကို ၅-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၁-၁ နဲ့သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာကြောင့် အသင်းအပေါ်ယုံကြည်ချက်မြင့်တက်စေကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ပြောကြားလာခဲ့ပါတယ်။
ဟိုဝီက "ဒီပွဲက တကယ်ကိုပြင်းထန်တဲ့ စမ်းသပ်ချက်တစ်ခုပါ။ ကျွန်တော်တို့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် အခုရလာတဲ့အခွင့်အရေးကိုလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။ ပီအက်စ်ဂျီကို အဝေးကွင်းမှာသရေကစားနိုင်ခဲ့တာ အသင်းအတွက်ယုံကြည်မှုမြင့်တက်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။