The network connection is lost.

Banner Image

နယူးကာဆယ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဗီလာရဲ့ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို လျှော့ချပြောဆိုလာတဲ့ အမ်မရီ

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကိုအဝေးကွင်းမှာ ၀-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ အသင်းကို ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သူတွေအဖြစ် သတ်မှတ်လို့မရသေးကြောင်း နှိမ့်ချပြောဆိုလာခဲ့ပါတယ်။ 

နယူးကာဆယ်ကို အနိုင်ရခဲ့ပြီးနောက် တစ်ဖက်မှာ အာဆင်နယ်က ယူနိုက်တက်ကို ၂-၃ နဲ့အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား တတိယနေရာက အက်စတွန်ဗီလာဟာ အာဆင်နယ်နဲ့ ရမှတ် ၄ မှတ်သာကွာဟတော့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ 

အက်စတွန်ဗီလာဟာ ယခုအခါမှာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနဲ့ ရမှတ်တူညီနေပြီး အာဆင်နယ်နဲ့ ၄ မှတ်သာကွာဟပေမယ့် အမ်မရီကတော့ အသင်းအနေနဲ့ ၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်မယ့်အိပ်မက်ကို ငြင်းဆန်လာခဲ့တာဖြစ်ပါတယ်။ 

အမ်မရီက "ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ အဲဗာတန်ကိုရှုံးခဲ့တော့ ကျွန်တော်တို့ကို ဘယ်သူကမှ ချန်ပီယံဆုကို စိန်ခေါ်နေသူတွေလို့ မပြောကြဘဲ အခုမှ ဘာလို့ပြောကြတာလဲ။ လာမယ့်အပတ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ကစားရပါမယ်။ ကျွန်တော်တို့က အေးအေးဆေးဆေးပါပဲ။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်နိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ နေ့တိုင်းအလုပ်ကြိုးစားပြီး ဒီလိုပဲပုံမှန်ခြေစွမ်းပြနေမှ ပွဲစဉ် ၃၅ လောက်မှာ ချန်ပီယံဆုအတွက် ကျွန်တော်တို့ မျှော်လင့်လို့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

အမ်မရီအနေနဲ့ အသင်းရဲ့ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့က ငွေကြေးအင်အားတောင့်တင်းတဲ့အသင်းတွေဖြစ်တာကြောင့် သူ့ရဲ့ အက်စတွန်ဗီလာဟာ ချန်ပီယံပြေးလမ်းမှာ အားနည်းတဲ့အသင်းဖြစ်နေကြောင်း ယူဆထားတာဖြစ်ပါတယ်။ 

အမ်မရီက "ကျွန်တော်တို့က ငွေကြေးအင်အားရှိတဲ့ အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ နယူးကာဆယ်၊ စပါးတို့လိုအသင်းတွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ သူတို့မှာရှိတဲ့အင်အားက တကယ်ကို ကြီးမားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အကောင်းဆုံးယှဉ်ပြိုင်နေပြီး ရမှတ်တွေစုဆောင်းနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနယူးကာဆယ်နဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအတွက်ဂိုးတွေကို အီမီလီယာနိုဘူအန်ဒီယာနဲ့ အိုလီဝက်ကင်းစ်တို့ကသွင်းယူပေးခဲ့တာဖြစ်ပြီး အနိုင် ၃ မှတ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ကွင်းလယ်လူ မက်ဂင်းတစ်ယောက် ဒဏ်ရာရသွားတာကြောင့် အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။