ဆိုစီဒက်ကို ရှုံးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင်ကို ပြစ်တင်ဝေဖန်လိုက်တဲ့ ဒီဂျောင်
ဘာစီလိုနာက ယမန်နေ့(တနင်္ဂနွေနေ့)ညပိုင်း၊ ဆိုစီဒက်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရရှိထားမှုမှတ်တမ်း ရပ်တန့်သွားခဲ့ပါတယ်။ အိုရာဇာဘယ်လ်နဲ့ ဂွန်ကာလိုဂွီဒက်စ်တို့ရဲ့သွင်းဂိုးတွေက အခုပွဲစဉ်အတွက် အဓိကအရေးပါခဲ့ပြီး လာလီဂါချန်ပီယံပြေးလမ်းထက် နူးကမ့်သားတွေရဲ့အသာစီးရရှိမှုကို တစ်မှတ်ဆိုတဲ့အနေအထားအထိ လျှော့ချပစ်ခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာကပ္ပတိန်ဒီဂျောင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံကာ ပွဲပြီးရလဒ်နဲ့ ကွင်းလယ်ဒိုင်ရဲ့နာကျင်အချိန်ပိုထပ်တိုးမပေးဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဂျောင်က “ ဒီနေ့မှာ ကျွန်တော်တို့အသင်း နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမယ့် ဒီအခွင့်အရေးတွေကို သွင်းဂိုးအဖြစ်ပြောင်းလဲပစ်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့အကောင်းဆုံးကစားခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။ အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းဂိုးသမားလည်း အရမ်းကောင်းတဲ့လက်စွမ်းမျိုးနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ကျွန်တော်တို့အသင်း အခွင့်အရေးတွေ အများကြီးနဲ့လွဲချော်ခဲ့တာပါ။ ဒါက စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ သာမန်ပွဲကစားချိန်ပြီးဆုံးတော့ နာကျင်အချိန်ပိုမှာ အချိန်ကိုသတိထားစောင့်ကြည့်ပေးထားဖို့ ကွင်းလယ်ဒိုင်ဆီ ကျွန်တော်ပြောခဲ့ပါတယ်။ ပြိုင်ဘက်က ဂိုးလွန်ဘောကန်တင်ဖို့တောင် တစ်မိနစ်လောက် အချိန်ယူခဲ့ပါတယ်။ သူတို့အတွက် အချိန်ပိုရရှိတယ်ဆိုတာ ပုံမှန်ပါပဲ။ ပြီးတော့ ကွင်းလယ်ဒိုင်က နာကျင်အချိန်ပိုကို ၁၀ မိနစ်ထက်ပိုပြီး စက္ကန့်ပိုင်းလေးတောင် မပေးခဲ့ပါဘူး။ ရူးချင်စရာကောင်းတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ကွင်းလယ်ဒိုင်ဆီ ဒီအကြောင်းအရာကိုသွားပြောတော့ သူက ကျွန်တော့်ကို အဝါကတ်ပြသခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒတ်ချ်လူမျိုးကစားသမားက ကွင်းလယ်ဒိုင်မန်ဇာနိုနဲ့ပတ်သက်လို့ အထူးမကျေမနပ်ဖြစ်မှုကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီဂျောင်က “ အဆုံးမှာတော့ လူကျွံဘောဖြစ်နေတယ်ဆိုရင် လူကျွံဘောပါပဲ။ အခြားမရှိပါဘူး။ ဒါတော့ မဟုတ်သေးပါဘူးလို့ ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း စတုတ္ထဒိုင်ဆီ သွားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီကွင်းမှာ အလားတူအဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော်ပြောချင်တဲ့အရာက ကျွန်တော်ကိုယ်တိုင်တောင် ကွင်းလယ်ဒိုင်နဲ့စကားပြောခွင့် မရခဲ့ပါဘူး။ ကျွန်တော်က အသင်းခေါင်းဆောင်ပါ။ ဒီအချက်ကို နားမလည်နိုင်ဘူး။ သူကတော့ ကျွန်တော့်ကို ‘ငါ မင်းထက်ပိုသိပါတယ်’ဆိုတဲ့ မျက်နှာမျိုးနဲ့ ကြည့်နေခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းပါတယ်။ အခုလိုလုပ်လို့မရပါဘူး”လို့ ပြောပါတယ်။