The network connection is lost.

Banner Image

ရာသီကုန်မှာ ကတ်စ်မဲရိုးထွက်ခွာသွားမယ့်အကြောင်း ယူနိုက်တက်က အတည်ပြုထုတ်ပြန်

မန်ချက်စတာယူနိုက်တက်က အသင်းရဲ့ဝါရင့်ကွင်းလယ်လူကတ်စ်မဲရိုးဟာ ယခု ၂၀၂၅-၂၆ ဘောလုံးရာသီကုန်မှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားမယ့်အကြောင်း အတည်ပြုထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာကတည်းက ယူနိုက်တက်နဲ့ပူးပေါင်းရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ရာသီကုန်မှာ အသင်းမှထွက်ခွာမှာဖြစ်ကြောင်း သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေကို အသိပေးထားခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ယူနိုက်တက်ဘက်ကလည်း လွန်ခဲ့တဲ့ ၄ နှစ်က အသင်းသို့ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က "အသင်းရဲ့ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန် လာမယ့်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။ ဂန္ထဝင်ဝါရင့်ကွင်းလယ်လူဟာ ယူနိုက်တက်အတွက် ၄ ရာသီကြာကစားခဲ့ပြီး လက်ရှိအချိန်အထိ ၁၄၆ ပွဲကစားကာ ၂၁ ဂိုးသွင်းယူပေးခဲ့ပါတယ်"

"ကစားသမားဘဝ အောင်မြင်မှုအများအပြားပိုင်ဆိုင်ခဲ့တဲ့ ကတ်စ်မဲရိုးကို ယူနိုက်တက်က ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ခေါ်ယူနိုင်ခဲ့ပြီး သူ့ရဲ့ မဆုတ်မနစ်တဲ့ကစားဟန်နဲ့ အရေးပါတဲ့သွင်းဂိုးတွေကြောင့် ပရိသတ်အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်"

"ဘရာဇီးအသင်းခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ၁ လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကို ချန်ပီယံဖြစ်စေခဲ့သလို၊ ၂၀၂၄ ခုနှစ်မှာလည်း အက်ဖ်အေဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်" 

"ပရိသတ်တွေအနေနဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ အသင်းအတွက်ပေးဆပ်မှုတွေကို ဒီရာသီနောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ဂုဏ်ပြုနှုတ်ဆက်ခွင့်ရသွားမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အမ်းမရိတ်စ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကတ်စ်မဲရိုးတစ်ယောက် ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲကလို ခြေစွမ်းမျိုးဆက်လက်ပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။