ယူနိုက်တက်နဲ့ရင်ဆိုင်ဖို့ နယူးကာဆယ်ကစားသမားတွေ အားအင်ပြည့်ဝနေကြောင်း ပြောကြားလာတဲ့ ဟိုဝီ
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက စနေနေ့မနက် မန်ချက်စတာယူနိုက်တက်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အသင်းရဲ့ကစားသမားတွေဟာ အနားယူချိန်အပြည့်အဝရရှိပြီး လန်းဆန်းတက်ကြွနေတာကြောင့် နိုင်ပွဲရရှိဖို့မျှော်လင့်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
နယူးကာဆယ်ဟာ ယခုပွဲစဉ်မတိုင်မီ အနားယူချိန်နဲ့ လေ့ကျင့်ရေးဆင်းချိန် တစ်ပတ်တိတိအချိန်ရထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟိုဝီက "ဒါက ကျွန်တော်တို့အတွက် ထူးဆန်းခဲ့ခံစားချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆိုရင် ပွဲတွေအရမ်းဆက်နေလို့ နောက်တစ်ပွဲအတွက်ပြင်ဆင်ဖို့ အချိန်သိပ်မရခဲ့လို့ပါ။ ဒါကြောင့် ပွဲတွေအရမ်းများတဲ့ဖြစ်လာတတ်တဲ့ စိတ်ဖိစီးမှုတွေန့ ပင်ပန်းနွမ်းနယ်မှုတွေကနေ ကစားသမားတွေအနားရသွားတာက ကောင်းမွန်တဲ့အချက်ပါ"
"အသင်းအနေနဲ့ လန်းဆန်းတက်ကြွနေပေမယ့် တစ်ချိန်တည်းမှာပဲ ဒီပွဲက အရေးကြီးတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ ရစ်သမ်ပျောက်မသွားဖို့နဲ့ အားအင်အပြည့်ဖြစ်နေဖို့လိုပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်နောက်ပိုင်းပွဲတွေမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်အတော်လေးမြင့်တက်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြိုင်ဘက်ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းဟိုဝီက သုံးသပ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ အင်္ဂလန်သားနည်းပြက "လက်ရှိအချက်အလက်တွေအရဆိုရင် သူတို့ပြီးခဲ့တဲ့ရာသီကထက် အများကြီးပိုတောင့်တင်းလာပါတယ်။ စွမ်းဆောင်ရည်ပိုင်းလည်း သိသိသာသာတိုးတက်လာတာကို မြင်တွေ့ထားရပါတယ်။ ယှဉ်ပြိုင်လိုစိတ်မြင့်မားသလို၊ တိုက်စစ်မှာလည်း အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေအများကြီးပိုင်ဆိုင်ထားပါတယ်"
"ဒီပွဲကို တကယ့်ကိုကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ခရစ္စမတ်ကာလမှာ ဒီလိုအသင်းကြီး ၂ သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုမြင်တွေ့ရမှာက ပရိသတ်တွေအတွက် အခွင့်အရေးတစ်ခုပါပဲ။ ကွင်းတွင်းအငွေ့အသက်ကလည်း ထူးခြားနေမယ်လို့ထင်ပါတယ်။ အရင်က ကစားခဲ့ဖူးတဲ့ယူနိုက်တက်နဲ့ အခုယူနိုက်တက်ကြားမှာ မတူတော့တဲ့ပုံစံမျိုး မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။