ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ပွဲစဉ် ၃ ပွဲအထိ လွဲချော်သွားမယ့် ဖာရန်းတောရက်စ်
ဘာစီလိုနာဟာ တိုက်စစ်မှူး ဖာရန်းတောရက်စ်တစ်ယောက် ညာဘက်ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲအပါအဝင် အသင်းရဲ့ လာမယ့်ပွဲစဉ် ၃ ပွဲအထိ လွဲချော်သွားမယ်လို့ အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။
ဖာရန်းတောရက်စ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဘာစီလိုနာက ၂-၁ နဲ့ရှုံးပွဲကြုံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဖာရန်းတောရက်စ်ကလည်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ဘာစီလိုနာအနေနဲ့ ထိုးနှက်ချက်ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက်ပိုင်းမှာတော့ ကစားသမားရဲ့အခြေအနေကို ဆေးစစ်မှုများပြုလုပ်ခဲ့ရာမှာတော့ ကစားသမားဟာ ညာဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း ဘာစီလိုနာက အတည်ပြုထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
ကလပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် ဘာစီလိုနာက "ဖာရန်းတောရက်စ်ဟာ ညာဘက်ခြေထောက် ကြွက်သားဒဏ်ရာရရှိခဲ့လို့ အနားယူရမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်ဖို့ ၁၀ ရက်ခန့် အချိန်ပေးရပါမယ်" လို့ရေးသားဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ဖာရန်းအနေနဲ့ လာမယ့် ၁၀ ရက်အတွင်း ဘာစီလိုနာကစားသွားမယ့် ဆလားဗီးလား၊ ရီးရဲလ်အိုဗီဒို၊ ကိုပင်ဟေဂင်တို့နဲ့ ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့ အယ်လ်ချီနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။