
ယော်ကရက်စ်ကို ပွဲထုတ်အသုံးပြု ဖို့ အချိန်စောင့်ရဦးမယ်လို့ဆိုလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက မကြာသေးမီကမှ စပို့တင်းမှ အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်ဟာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ဖို့လိုအပ်နေသေးတာကြောင့် ပွဲထုတ်အသုံးပြု ဖို့ အချိန်ခဏစောင့်ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယော်ကရက်စ်ဟာ စပို့တင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေးပေါင် ၆၄ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အာဆင်နယ်လိုအပ်နေတဲ့ တိုက်စစ်မှူးနေရာအတွက်ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ယခုအခါမှာ ဆွီဒင်လက်ရွေးစင်ဟာ အာဆင်နယ်အသင်းသို့ရောက်ရှိနေပြီဖြစ်ပြီး နယူးကာဆယ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မတိုင်မီမှာ ပရိသတ်ရှေ့သို့ စတင်မိတ်ဆက်ခဲ့ပါတယ်။
ယော်ကရက်စ်ဟာ စပို့တင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ကာလအတန်ကြာ အနားရနေခဲ့တာဖြစ်ပြီး ယခုအခါမှာ အာတီတာက ကစားသမားအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းပြန်ဆင်းဖို့လိုအပ်နေကြောင်းနဲ့ ကြံ့ခိုင်မှုပြည့်ဝမှသာ အသင်းမှာအသုံးပြုသွားမယ့်အကြောင်း ပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် လန်ဒန်ဒါဘီ ခြေစမ်းပွဲစဉ်မတိုင်မီ ယော်ကရက်စ်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်မလားလို့ မေးမြန်းခဲ့ရာ အာတီတာက "ကျွန်တော်ထင်တာကတော့ သူ့အနေနဲ့ စပို့တင်းမှာလည်း လေ့ကျင့်ရေးမဆင်းတာ အတော်ကြာပါပြီ။ ဒါကြောင့် မနက်ဖြန်မှာ သူ့ရဲ့အခြေအနေကို အကဲဖြတ်သွားရဦးမှာပါ။ ဆေးစစ်တဲ့အပိုင်းတွေကတော့ ပြီးဆုံးသွားပါပြီ။ အကုန်အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ပုံမှန်အခြေအနေကို ပြန်ရဖို့အတွက်တော့ လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်သွားရဦးမှာပါ။ ကျွန်တော်တို့လည်း သူ့ကို တတ်နိုင်သလောက် မြန်မြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အကဲဖြတ်မှုတွေလည်းလုပ်သွားရမှာဖြစ်ပြီး ဒါကို ဆေးအဖွဲ့က လုပ်သွားပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ယော်ကရက်စ်အနေနဲ့ ယခုအခါမှာ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံနေမှာဖြစ်ပြီး ဆွီဒင်သားဟာ ကလပ်ဂန္ထဝင် အွန်နရီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ အင်္ကျီကို ဝတ်ဆင်သွားမယ်လို့သိရပါတယ်။ ရာသီကြိုခရီးစဉ်တွေအပြီးမှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ယူနိုက်တက်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ ယော်ကရက်စ်အနေနဲ့ ဆရာဟောင်း ရူဘင်အာမိုရင်နဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။