The network connection is lost.

Banner Image

ဒီကလန်ရိုက်စ်ကို အွန်နရီ၊ ဗီအဲရာတို့နဲ့ နှိုင်းယှဉ်ချီးကျူးလာတဲ့ ပီရက်စ်

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း ရောဘတ်ပီရက်စ်က ယခုနှစ်ရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ ကလပ်ဂန္ထဝင်တွေဖြစ်တဲ့ သီယာရီအွန်နရီနဲ့ ပက်ထရစ်ဗီအဲရာတို့လို အဆင့်အတန်းမျိုးရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

အသက်-၂၆ နှစ်အရွယ်သာရှိသေးတဲ့ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ကွင်းလယ်ကို အဓိကအခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနေသူဖြစ်ပြီး အသင်းရဲ့ ၂၂ နှစ်ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို တကျော့ပြန်လည်ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နေသူလည်းဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အထိဆွတ်ခူးခဲ့ဖူးတဲ့ ပီရက်စ်က "ရာသီကုန်မှာ ဆုဖလားတွေကိုင်မြှောက်ချင်တယ်ဆိုရင် အသင်းမှာ ဒီကလန်ရိုက်စ်လိုကစားသမားမျိုးရှိနေဖို့လိုအပ်ပါတယ်။ အရင်တုန်းက အာဆင်နယ်မှာ တိုနီအဒမ်စ်၊ ပက်ထရစ်ဗီအဲရာနဲ့ သီယာရီအွန်နရီတို့လို ကစားသမားတွေရှိခဲ့သလို အခုချိန်မှာတော့ အဲဒီဂန္ထဝင်တွေနဲ့ အဆင့်အတန်းတူညီတဲ့ ဒီကလန်ရိုက်စ်ရှိနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒုတိယနဲ့ တတိယနေရာက မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ကို ၆ မှတ်အထိဖြတ်တောက်ထားနိုင်တာကြောင့် ရာသီကုန်မှာဆုဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ရိုက်စ်အနေနဲ့ အာဆင်နယ်အတွက် ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်နဲ့အတူ အောင်မြင်မှုဖော်ဆောင်နိုင်မယ်ဆိုရင်တော့ ဘော်လွန်းဒီအော်ဆုကို မျှော်လင့်နိုင်မယ့်အခွင့်အရေးမျိုးရရှိလာနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ 

သို့သော်လည်း အဆိုပါထင်ကြေးပေးမှုတွေနဲ့ပတ်သက်ပြီး ရိုက်စ်ကတော့ "ကျွန်တော်က အင်္ဂလန်က ရိုက်စ်ဆိုတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရတာက ဂုဏ်ယူစရာဖြစ်ပြီး ဒါက ကျွန်တော်ခြေစွမ်းပြသနေတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ ဒီလိုပုံစံအတိုင်း အမြင့်ဆုံးဘောလုံးအဆင့်အတန်းမှာ ကစားသွားချင်ပါတယ်" လို့နှိမ့်ချစွာ‌ပြောကြားခဲ့ပါတယ်။