ကာရစ်ကိုဝေဖန်နေကြတဲ့ အသင်းဖော်ဟောင်းတွေကို အံ့ဩမိကြောင်းပြောကြားလာတဲ့ အိုဝင်
မိုက်ကယ်အိုဝင်က သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူ မိုက်ကယ်ကာရစ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ ရေရှည်နည်းပြရာထူးအတွက် အလေးအနက်ထား စဉ်းစားသင့်တယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်းကောင်း၊ သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီးတော့လည်းကောင်း ယူနိုက်တက်ကစားသမားဟောင်းတချို့က လူသိရှင်ကြား ဝေဖန်နေကြတာကို အိုဝင်ကတော့ နားမလည်နိုင်အောင် ဖြစ်နေတာပါ။
"သူ့ကို နည်းပြရာထူး ပေးသင့်၊ မပေးသင့်ဆိုတာကို လူတွေက ဘာဖြစ်လို့ မေးခွန်းထုတ်နေကြသလဲဆိုတာ ကျွန်တော် တကယ်ကို မယုံနိုင်အောင် ဖြစ်ရပါတယ်" လို့ အိုဝင်က The Wayne Rooney Show အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
"မန်ချက်စတာယူနိုက်တက်ဟာ အောင်မြင်မှုအတွက် ၁၂ နှစ်လောက် စောင့်ဆိုင်းခဲ့ရပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်နောက်ပိုင်းမှာ သူတို့တွေဟာ နာမည်ကျော်နည်းပြတွေ၊ ဂန္ထဝင်တွေကအစ အကုန်လုံးကို နည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။"
"အခုမှ အသင်းက ကောင်းကောင်းကစားနိုင်ပြီး ရလဒ်တွေ ကောင်းလာတယ်၊ ပရိသတ်တွေကလည်း ပြန်ပြီးအားပေးလာကြပြီ။ ဒါကိုမှ ရာသီအကုန်မှာ သူက အသင်းကို အဆင့် ၃ ရအောင် လုပ်ပေးနိုင်ခဲ့ရင်တောင် 'ကျေးဇူးပဲ၊ ဒါပေမဲ့ မင်းကို မခန့်တော့ဘူး' လို့ ပြောကြဦးမှာလား။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ ၎င်းက ဆိုပါတယ်။
ရွန်နီကလည်း "မန်ချက်စတာယူနိုက်တက်က လူတိုင်းက မိုက်ကယ်ကာရစ်ကို ချစ်ကြပါတယ်၊ ဒါပေမဲ့ သူနဲ့အဆင်မပြေဖြစ်သွားမှာကိုပဲ သူတို့က ကြောက်နေကြတာပါ။ သူဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြထားနိုင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။