The network connection is lost.

Banner Image

ဟာလန်းက နောက်တန်းကစားသမားတွေအတွက် အိပ်မက်ဆိုးဖြစ်တယ်လို့ ကိုလိုတိုရေးချီးကျူး

မန်ချက်စတာစီးတီးလက်ထောက်မန်နေဂျာ ကိုလိုတိုရေးက အသင်းရဲ့တိုက်စစ်မှူး အာလင်းဟာလန်းလိုကစားသမားမျိုးဟာ နောက်တန်းကစားသမားတွေအတွက် အိပ်မက်ဆိုးဖြစ်ကြောင်းနဲ့ သူကိုယ်တိုင်လည်း ကစားသမားဘဝက ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ရင်ဆိုင်ရဖို့ရှိပါက ညဘက်တွေအိပ်ပျော်လေ့မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်းဟာ ပရီးမီးယားလိဂ်မှာကစားခဲ့စဉ်က အာဆင်နယ်၊ မန်စီးတီးတို့နဲ့အတူ ချန်ပီယံဆုတွေအများအပြားရယူနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စိန်ခေါ်မှုတွေအားလုံးကိုလည်း ထိပ်တိုက်တွေ့ဆုံခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း အသက်-၄၄ နှစ်အရွယ်ကစားသမားဟောင်းက ဟာလန်းဟာ လက်ရှိဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်းနဲ့ သူနဲ့ရင်ဆိုင်ရဖို့ ဘယ်နောက်တန်းကစားသမားမှ မလိုချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုလိုတိုရေးက "သူ့ကို ဘယ်လိုတားဆီးရမလဲဆိုတာ ကျွန်တော်မပြောတော့ပါဘူး။ ဒါပေမယ့် သူနဲ့ရင်ဆိုင်ရမယ့်နောက်တန်းက ညဘက်ဆို အိပ်ပျော်မှာမဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုအမြဲတမ်းပြောပါတယ်။ သူနဲ့မကစားခင်မှာ နောက်တန်းတော်တော်များများက အိပ်ရေးပျက်လေ့ရှိကြပါတယ်။ ဒါက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးနဲ့ရင်ဆိုင်ရတဲ့အခါ ဖြစ်တတ်တဲ့အခြေအနေပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုရာသီမှာ ဟာလန်းဟာ ထိပ်တန်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက်စုစုပေါင်း ၂၆ ပွဲကစားပြီးချိန်မှာ ၃၄ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ နော်ဝေလက်ရွေးစင်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားခဲ့ပါတယ်။ ဒါ့အပြင် ယခုလအစောပိုင်းက ဖူလ်ဟမ်နဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင်း ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

ဆက်လက်ပြီး ကိုလိုတိုရေးက "ဟာလန်းက သီယာရီအွန်နရီနဲ့ အလန်ရှီးယားတို့လို အဆင့်အတန်းမှာရှိနေတဲ့တိုက်စစ်မှူးတစ်ယောက်ပါ။ သူ့မှာရှိတဲ့ ရိုးသားတဲ့စိတ်ဓာတ်က လေးစားစရာပါ။ သူက အကြံဉာဏ်တွေကို လက်ခံတတ်သူဖြစ်ပြီး တိုးတက်လာဖို့လည်း အများကြီးကျန်ပါသေးတယ်။ ထိပ်တန်းကစားသမားတစ်ယောက်က စိတ်ကြီးဝင်ဖို့ လွယ်ပေမယ့် ဟာလန်းကတော့ အရမ်းကိုနှိမ့်ချတတ်လို့ ဒါက မယုံနိုင်စရာတောင်ကောင်းနေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။