The network connection is lost.

Banner Image

အာဆင်နယ်မှာ အာတီတာလုပ်ခဲ့တဲ့အမှားကို ထောက်ပြလိုက်တဲ့ ဝိန်းရွန်းနီ

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အာဆင်နယ်မှာ အာတီတာလုပ်ခဲ့တဲ့အမှားတစ်ခုကို ထောက်ပြလိုက်ပါတယ်။ အခုရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာပြန်လာတာ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ တစ်ခုခုလုပ်ပြဖို့ လိုအပ်နေပြီး အဲ့လိုမှမဟုတ်ရင် ၄ ရာသီဆက် အာတီတာလက်အောက်မှာ ဖလားလက်မဲ့ဖြစ်ဖို့ များနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့ပြီး စီးတီးကို ၂ ရာသီဆက်ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း အာဆင်နယ်ဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ၁၁ ပွဲကျန်နေချိန်မှာ လီဗာပူးအသင်းနဲ့ ၁၃ မှတ်ကွာဟနေပါတယ်။ အဆိုပါအခြေအနေတွေဟာ အာဆင်နယ်အနေနဲ့ ဆောင်းရာသီဈေးကွက်မှာ တိုက်စစ်မှူးသစ်မခေါ်ယူခဲ့တာကြောင့်လို့ ထောက်ပြနေကြပါတယ်။

ရွန်းနီကတော့ ပြီးခဲ့တဲ့နွေရာသီတုန်းကလုပ်ခဲ့တာဟာ ကြီးမားတဲ့အမှားလို့ ယုံကြည်နေပါတယ်။ အခုနွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူမလားဆိုတဲ့အပေါ် ရွန်းနီက “မှန်ပါတယ်။ ခင်ဗျားတို့ အဲ့လိုတွေးနိုင်ပါတယ်။ နွေရာသီမှာ တိုက်စစ်မှူးသစ်မရခဲ့တာက အာဆင်နယ်အတွက် အကြီးမားဆုံးအမှားပါ။ ဇန်နဝါရီမှာက ကစားသမားရဖို့ ခက်ခဲပါတယ်။ မှန်ကန်တဲ့ကစားသမားကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ရဖို့ ခက်ခဲပါတယ်။

အားကစားဒါရိုက်တာရဲ့အရေးအကြီးဆုံးကလည်း အာဆင်နယ်အတွက် တိုက်စစ်မှူးခေါ်ယူပေးဖို့။ အာတီတာက false nine နဲ့ကစားနိုင်ပါတယ်။ ဒါပေမယ့် တိုက်စစ်နေရာက ဦးစားပေးပါ။ အဲ့နေရာက အရေးကြီးပါတယ်။ တစ်ရာသီကို ဂိုး ၂၀ ကနေ ၃၀ လောက်အထိသွင်းယူနိုင်တဲ့တိုက်စစ်မှူးမျိုး လိုအပ်ပါတယ်။ အဲ့တာက ခင်ဗျားလိုချင်နေတဲ့ ဆုဖလားတွေရမှာပါ”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

အလန်ရှီးယားကလည်း “ဒီလိုဆုံးဖြတ်ချက်ကို ဘယ်သူချလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုအပ်ပါတယ်။ ဇန်နဝါရီ ဒါမှမဟုတ် ရာသီအစမှာ တိုက်စစ်မှူးမခေါ်ဖို့ ဘယ်သူဆုံးဖြတ်ချက်ချတာလဲ?။ သူတို့ ပြီးခဲ့တဲ့နွေတုန်းက ၁ ဦးလိုအပ်ခဲ့တာပါ။ ဇန်နဝါရီမှာ မရတာက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အဲ့အဖြေကို မသိခဲ့ပါဘူး။ ဒါပေမယ့် သူတို့အဲ့နေရာမှာ လိုအပ်ချက်ရှိနေဆဲပါ။ သူတို့မှာသာ တိုက်စစ်မှူးရှိနေမယ်ဆိုရင် သူတို့ချန်ပီယံဖြစ်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး။ ထိပ်တန်းတိုက်စစ်မှူးတွေက ပွဲကြီးတွေမှာ ခြားနားမှုတွေပေးစွမ်းနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူးမရှိတဲ့ပြဿနာကြောင့် ဝက်စ်ဟမ်း ၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ပွဲတွေမှာ အမှတ်တွေလျော့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညက ချန်ပီယံလိဂ်ပွဲမှာတော့ ပီအက်စ်ဗွီကို ၁-၇ နဲ့အနိုင်ယူထားနိုင်ခဲ့ပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။