The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

အင်္ဂလန်လက်ရွေးစင်ကစားသမား‌ဟောင်း အလန်ရှီးယားက စနေနေနေ့က တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဘရိုင်ယန်အမ်ဘွေမိုရဲ့ သွင်းဂိုးနဲ့ အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပေမယ့် တော့တင်ဟမ်ရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ရှုံးနိမ့်ဖို့အထိပါ နီးစပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ခံလူ ဒီလစ်ချ်က အချိန်ပိုမှာ ခေါင်းတိုက်ချေပဂိုးပြန်လည်သွင်းယူပေးခဲ့လို့ ယူနိုက်တက်အနေနဲ့ သရေတစ်မှတ်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ၀-၁ နဲ့ဦးဆောင်ထားနိုင်ချိန်မှာ နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် ဆက်စ်ကိုတစ်ယောက် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ပွဲကစားချိန် မိနစ် ၈၀ ကျော်မှာ ဒဏ်ရာပြဿနာကြောင့် ကွင်းထဲမှထွက်ခွာသွားခဲ့ပြီး ယူနိုက်တက်ကို လက်ကျန်ပွဲချိန်တွေမှာ ကစားသမား ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်စေခဲ့ပါတယ်။

ဒါကြောင့် ယခုအခါမှာ အလန်ရှီးယားက "ဆက်စ်ကိုက ဆက်ပြီးတော့ ရုန်းကန်နေရတုန်းပါပဲ။ ၁၂ ပွဲကစားပြီးတာတောင် ၂ ဂိုးပဲသွင်းနိုင်ပါသေးတယ်။ တော့တင်ဟမ်နဲ့ပွဲမှာ သူ့အနေနဲ့ ဂိုးသွင်းနိုင်ဖို့ အချိန် နာရီဝက်ကျော်လောက်ရခဲ့ပါတယ်။ အရမ်းကောင်းတဲ့ အခွင့်အရေး ၂ ခုကို ရရှိခဲ့ပေမယ့် သူဖြုန်းတီးခဲ့ပါတယ်" 

"သူ့ရဲ့အသင်းဖော်တွေက သူ့အတွက်တကယ်ကောင်းတဲ့ပေးပို့မှုတွေပြုလုပ်ခဲ့ပြီး ဒီအခွင့်အရေးတွေကို သူ အသုံးချနိုင်ဖို့လိုပါတယ်။ အခွင့်အရေးကို အလျင်အမြန်အသုံးချနိုင်ဖို့လိုပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဖို့အတွက် အချိန်ဆွဲနေလို့မရပါဘူး။ ၈၅ မိနစ်မှာရခဲ့တဲ့ အခွင့်အရေးက ပိုကောင်းခဲ့ပါတယ်။ သူ့အနေနဲ့ ယုံကြည်မှုရှိဖို့ ရုန်းကန်နေရတယ်ဆိုတာ ကျွန်တော်သိပေမယ့် ဗဟိုတိုက်စစ်မှူးတစ်ယောက်က ဗဟိုခံစစ်မှူးတစ်ယောက်ကပ်တာကို ခံလို့မရပါဘူး။ သူ့ရဲ့တုံ့ဆိုင်းမှုနဲ့ တိကျတဲ့ရည်ရွယ်ချက်မရှိတာကြောင့် ဘောလုံးဖြတ်ထုတ်ခံလိုက်ရတာပါ" လို့ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ယခုတော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဆက်စ်ကိုအနေနဲ့ အဆိုပါပွဲစဉ်မှာ ပါဝင်ကစားသွားနိုင်မလား မသေချာသေးပါဘူး။