လီဗာပူးရဲ့အလွန်ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် တာဝန်အပြည့်အဝယူခဲ့တဲ့ အန်းစလော့
အန်ဖီးလ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်မှုအပြီး လီဗာပူးနည်းပြအန်းစလော့က ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲအနက် အလွန်ဆိုးရွားလှတဲ့ ခြောက်ကြိမ်မြောက်ရှုံးနိမ့်မှုအတွက် အပြည့်အဝတာဝန်ယူခဲ့ပါတယ်။ အန်ဖီးလ်မှာ အကြီးမားဆုံးအောင်ပွဲရရှိဖို့ ဧည့်သည်တွေအတွက် မူရီလို၊ ဆာဗိုနာနဲ့ ဂစ်ဝှိုက်တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မန်စီးတီးကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်မှုအပြီး လီဗာပူးရဲ့အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲကို ဖန်တီးပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က “ ဘယ်လောက်ဆိုးရွားသလဲဆိုတာ တိုင်းတာဖို့ခက်ခဲလွန်းပေမယ့် အတော်လေးဆိုးရွားလွန်းတယ်ဆိုတာတော့ သေချာပါတယ်။ အိမ်ကွင်းမှာ ဘယ်ပြိုင်ဘက်နဲ့ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ကစားရပါစေ၊ ၃-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်တယ်ဆိုတာ အလွန်ဆိုးရွားလွန်းပါတယ်။ လတ်တလောရှုံးနိမ့်မှုတွေအတွက် ကျွန်တော့်မှာသာ တာဝန်အပြည့်အဝရှိတယ်လို့ အလေးပေးပြောကြားလိုပါတယ်။ အနိုင်ရရှိချိန်မှာလည်း တာဝန်ယူရသလို ရှုံးနိမ့်ချိန်မှာလည်း တာဝန်ယူရပါမယ်။ ဒီရလဒ်တွေအတွက် ကျွန်တော်ကတော့ ဘယ်တော့မှဆင်ခြေပေးမှာ မဟုတ်ပါဘူး။ လုံလောက်တဲ့အကောင်းဆုံးပုံစံနဲ့ အဝေးဆုံးမှာသာ ရှိခဲ့ပြီး ဒီအတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်”လို့ ပြောပါတယ်။
အခုရှုံးပွဲကြောင့် လီဗာပူးက အမှတ်ပေးဇယားအဆင့်-၁၁ နေရာဆီ ရောက်ရှိသွားပြီး တနင်္လာနေ့၊ မန်ချက်စတာယူနိုက်တက်ကို အဲဗာတန် အနိုင်ရရှိမယ်ဆိုရင် မာဆေးဆိုဒ်ပြိုင်ဘက်တွေကိုယ်တိုင် သူတို့ကို ကျော်တက်သွားပါလိမ့်မယ်။
ဒါပေမဲ့ အန်းစလော့ကတော့ အခုရာသီ၊ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ရှစ်ပွဲအထိ အရေးနိမ့်ထားမှုကို ရပ်တန့်နိုင်ဖို့ နည်းလမ်းရှာသွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
သူက “ အထူးသဖြင့် ကျွန်တော်တို့မှာရှိထားတဲ့ အရည်အသွေးမြင့်ကစားသမားတွေနဲ့ဆိုရင် ထွက်ပေါက်တစ်ခုတော့ ရှိလာပါလိမ့်မယ်။ အနိုင်ရတာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်တာပဲဖြစ်ဖြစ်၊ ပွဲထွက်လူစာရင်းပိုင်းပဲဖြစ်ဖြစ်၊ လူစားလဲလှယ်မှုပဲဖြစ်ဖြစ် ပြန်ကြည့်လိုက်မယ်ဆိုရင် ငါတို့တော့ ဘယ်နေရာမှာပိုကောင်းနိုင်မလဲ၊ ငါတို့တွေ ဘယ်နေရာကိုချိန်ညှိနိုင်မလဲဆိုတာလည်း တွေးနေမိပါတယ်။ ဒါပေမဲ့ အခုလိုအတွေးတွေက မိမိကိုယ်ကိုယ်သံသယဝင်ခြင်းရဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။
ကျွန်တော့်အမြင်အရ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့စတင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီရာသီတလျှောက် ပထမပိုင်းနာရီဝက်ပွဲချိန်အတွင်း အခုလောက်အထိ အခွင့်အရေးဖန်တီးနိုင်တာ ကျွန်တော်ကိုယ်တိုင်တောင် မမြင်တွေ့ခဲ့ဖူးပါဘူး။
အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ဂိုးဧရိယာဆီ ပြိုင်ဘက်အသင်း ပထမဆုံးအကြိမ်ရောက်ရှိလာချိန်မှာပဲ ပြိုင်ဘက်က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။
ကိုယ့်အခွင့်အရေးတွေကျ လွဲချော်ပြီး ပြိုင်ဘက်ရဲ့ထိုးဖောက်မှုတိုင်းမှာ တစ်လုံးပေါက်၊ တစ်ဂိုးပေးနေရရင် မြိုသိပ်ထားဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်”လို့ ပြောပါတယ်။