The network connection is lost.

Banner Image

ဂျိုတာကွယ်လွန်မှုကို အကြောင်းပြချက်အဖြစ် အသုံးပြုလို့မရဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့

အန်းစလော့က ဂျိုတာကွယ်လွန်တိမ်းပါးမှုကို လီဗာပူးရဲ့လတ်တလောစွမ်းဆောင်ရည်ပိုင်းဆိုးရွားနေမှုအတွက်  အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုနိုင်ပေမယ့် ပေါ်တူဂီသားရဲ့ကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် သူ့ရဲ့အသင်းအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့သလဲဆိုတာ တိုင်းတာဖို့တောင် မဖြစ်နိုင်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ၊ စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်တစ်ခုအတွင်း ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူဆေးလ်ဗားတို့ ကွယ်လွန်အနိစ္စရောက်ရှိသွားပါတယ်။ ဂျိုတာရဲ့ကွယ်လွန်မှုက လတ်တလောလီဗာပူးအသင်းလူစာရင်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ချိန် ရော်ဘတ်ဆန်ကိုယ်တိုင် ဒီကိစ္စကို ဝမ်းနည်းကြေကွဲဖွယ် ထုတ်ပြောခဲ့ပါတယ်။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ ကျွန်တော်လည်း ရော်ဘတ်ဆန်ရဲ့အင်တာဗျူးကို ကြည့်ရှုခဲ့ပါတယ်။ ဂျိုတာကွယ်လွန်မှုက ကျွန်တော်တို့အပေါ် သက်ရောက်မှုရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက ပုံမှန်အခြေအနေတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီကာလတွေမှာ ဂျိုတာရဲ့ဇနီးနဲ့ သူ့ကလေးတွေ ဘယ်လိုခံစားရမလဲဆိုတာ ကျွန်တော် အမြဲတမ်းတွေးနေမိခဲ့ပါတယ်။ ကျွန်တော်တို့ထက် သူတို့က ပိုခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အတွက်လည်း အသင်းဖော်တစ်ဦးနဲ့ လူပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရတယ်ဆိုတာ ရှင်းပါတယ်။ ပြီးခဲ့တဲ့ရာသီမှာဆိုရင် ကျွန်တော်တို့အသင်း ဦးဆောင်ဂိုးပေးထားရချိန် ချေပဂိုးသွင်းယူဖို့ ဂျိုတာအတွက် တစ်မိနစ်ပဲ လိုအပ်ခဲ့ပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ အမြဲတမ်းသတိရနေတာ ကောင်းပါတယ်။ ဒါက သူ့ရဲ့အကျင့်စရိုက်နဲ့ စွမ်းဆောင်ရည်ပိုင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကစားသမားတွေနဲ့ ရလဒ်တွေအပေါ် ဂျိုတာရဲ့လွှမ်းမိုးနိုင်စွမ်းကို တိုင်းတာလို့တောင် မရပါဘူး။ ဒါကြောင့် ကျွန်တော်လုပ်ရမယ့် နောက်ဆုံးကိစ္စက ဂျိုတာကွယ်လွန်မှုကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီကစားသမားကို ကျွန်တော်တို့ လွမ်းဆွတ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ လတ်တလောရလဒ်တွေအပေါ် ဒီကိစ္စရဲ့သက်ရောက်မှုကို ကျွန်တော် မတိုင်းတာနိုင်ပါဘူး။ အဲ့ဒါကိုပြောဖို့ မဖြစ်နိုင်သလို ဆင်ခြေအဖြစ်လည်း ဘယ်တော့မှ အသုံးပြုမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

လီဗာပူးက နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ခြောက်ပွဲမှာ ငါးပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီ၊ အင်္ဂလန်ချန်ပီယံဖြစ်ခဲ့ချိန် ရှုံးပွဲလေးပွဲဆိုတာထက် တစ်ပွဲပိုများသွားခဲ့ပါတယ်။ အန်းစလော့ရဲ့အသင်းက ၂၀၂၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း အဆိုးဝါးဆုံးရပ်တည်မှုအဖြစ် အမှတ်ပေးဇယားအဋ္ဌမနေရာမှာ ရောက်ရှိနေသလို အာဆင်နယ်နဲ့လည်း ရှစ်မှတ်အထိ ကွာဟသွားပါတယ်။

နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်းနဲ့ လိဒ်တို့လို မတည်ငြိမ်တဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပေမယ့် အန်းစလော့ကိုယ်တိုင်ကတော့ ဆုဖလားတိုက်ပွဲအတွက် ဖြစ်နိုင်ခြေကို ပယ်ချထားခဲ့ပါတယ်။ Opta စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်တွက်ချက်မှုအရ လီဗာပူးရဲ့ချန်ပီယံဘွဲကာကွယ်နိုင်မယ့်ဖြစ်နိုင်ခြေကို ၇ ဒဿမ ၉ ရာခိုင်နှုန်းသာ သတ်မှတ်ထားပြီး မန်စီးတီး(၂၂ ဒဿမ ၆ ရာခိုင်နှုန်း)နဲ့ အာဆင်နယ်(၆၃ ရာခိုင်နှုန်း)တို့ရဲ့နောက်မှာ ရောက်ရှိနေပါတယ်။

အန်းစလော့က “ အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ အခုအချိန်မှာ ချန်ပီယံဆုအကြောင်း ကျွန်တော်တို့ စဉ်းစားခြင်းမရှိသလို ပြောလည်း မပြောချင်ပါဘူး။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အမှတ်ပေးဇယားကိုဦးဆောင်ထားချိန်မှာလည်း ဒီအတိုင်းပါပဲ။ လာမယ့်ပွဲစဉ်ဆီပဲ အာရုံစိုက်ထားခဲ့ပါတယ်။ အမှတ်ပေးဇယားတစ်ခုကို သုံးသပ်ဆုံးဖြတ်ဖို့ဆိုတာ ၃၈ ပွဲကစားပြီးချိန်ကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးနည်းလမ်းကတော့ ကျွန်တော့်အမြင်အရ ၁၉ ပွဲလောက်ကစားပြီးချိန် ဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့အသင်း ဘယ်နေရာမှာရှိနေသလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ အခုတော့ ဘောလုံးပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့အတွက် အာရုံစိုက်ထားပါတယ်”လို့ ဆက်ပြောပါတယ်။


ဒါ့အပြင် အန်းစလော့က အားထားရတဲ့ဂိုးသမားအလီဆင် အသင်းနဲ့ပြန်ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာသီတင်းပတ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ ဘရက်ဒလေနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ကိုတော့ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ဒတ်ချ်လူမျိုးနည်းပြက ဆိုပါတယ်။