The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့အတူ ဆုဖလားမရနိုင်ဘူးလို့ ယူဆနေသူတွေကို မှားယွင်းကြောင်း သက်သေပြသွားမယ်လို့ ဆိုလာတဲ့ ဗန်ဒီဗန်

တော့တင်ဟမ်နောက်ခံလူ မစ်ကီဗန်ဒီဗန်က သူ တော့တင်ဟမ်သို့စတင်ရောက်ရှိချိန်မှာ ဆုဖလားဘယ်တော့မှရမှာမဟုတ်ဘူးလို့ ဝေဖန်အပြစ်ပြောခဲ့တဲ့လူတွေကို မှားယွင်းကြောင်း သက်သေပြသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ဝေဖန်မှုတွေနဲ့ မကြာခဏကြုံတွေ့ခဲ့ရဖူးတဲ့ ဗန်ဒီဗန်ဟာ ဆယ်ကျော်သက်ဘဝမှာလည်း ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်ဖို့ အရမ်းနှေးလွန်းနေတယ်လို့ အပြောခံခဲ့ရဖူးသူဖြစ်ပါတယ်။ ဗိုလန်ဒန်အသင်းမှာ ကစားစဉ်က နယ်သာလန်နည်းပြတစ်ဦးဟာ ဗန်ဒီဗန်ကို အလွန်နှေးကွေးလွန်းတယ်လို့ ဝေဖန်ခဲ့ပေမယ့် ယခုအခါမှာတော့ ဗန်ဒီဗန်ဟာ ပရီးမီးယားလိဂ်ရဲ့ အလျင်မြန်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားပြီဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် တော့တင်ဟမ်သို့စတင်ရောက်ရှိချိန်မှာတော့ ဗန်ဒီဗန်ကို ဆုဖလားရမယ့် ကစားသမားမဟုတ်ဘူးလို့ ဝေဖန်သူတွေက ရက်ရက်စက်စက်ပြောခဲ့ကြပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ နယ်သာလန်လက်ရွေးစင်ဟာ တော့တင်ဟမ်နဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းထားနိုင်ပြီဖြစ်ပြီး ဆုဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

ယခုအခါမှာ ဗန်ဒီဗန် အဆိုပါဝေဖန်မှုတွေကို လောင်စာအဖြစ်အသုံးချပြီး ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်ခဲ့ကြောင်းကို "ကျွန်တော်အခုလည်း အဲဒီဝေဖန်မှုတွေကို အသုံးချနေတုန်းပါပဲ။ ဗိုလန်ဒမ်မှာတုန်းက ကျွန်တော့်ကို မယုံကြည်တဲ့လူတွေရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော် ဒီနေရာမှာရပ်ပြီး သူတို့မှားတယ်ဆိုတာ သက်သေပြနိုင်ပါပြီ"

"ဒါပေမယ့် ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်အခုလို အောင်မြင်လာတာ ကျွန်တော့်ရဲ့အဖေ၊ အမေနဲ့ အစ်မတို့ရဲ့ တွန်းအားတွေကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နယ်သာလန်နောက်ခံလူက အသင်းဖော် ခရစ်ရှန်ရိုမဲရိုးနဲ့ မယုံနိုင်လောက်အောင် အချိတ်အဆက်မိခဲ့ကြောင်းကို "ကျွန်တော်တို့ ကွင်းထဲမှာ တစ်ယောက်အကြောင်းတစ်ယောက် အရမ်းသိနေကြပါတယ်။ သူတစ်ခုခုလုပ်မယ်ဆိုရင် ကျွန်တော် ဘယ်လို ကာဗာပေးရမယ် ဘယ်လိုကူညီရမယ်ဆိုတာ အလိုလိုသိနေပါတယ်။ သူ့ဘက်ကလည်း အဲဒီလိုပါပဲ။ ကျွန်တော် ဘောလုံးကိုင်ထားတဲ့အချိန်မှာ ကျွန်တော့်ကို ဘယ်လိုကာဗာလုပ်ရမယ်ဆိုတာ သူသိနေပါတယ်။ ဘယ်လိုအခြေအနေမှာမဆို သူက ကျွန်တော့်ကိုကူညီဖို့ အသင့်ရှိနေတတ်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ အချိတ်အဆက်မိနေတာပါ" လို့ပြောကြားခဲ့ပါတယ်။   

ဗန်ဒီဗန်ဟာ အေဂျက်စ်အသင်းကိုအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတော့တင်ဟမ် အေဂျက်စ်ကို နောက်ကနေလိုက်ပြီးအနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကို အမ်စတာဒမ်မှာ လာရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ ထိုစဉ်က တော့တင်ဟမ်ဟာ ဗိုလ်လုပွဲအထိတက်လှမ်းခဲ့ပေမယ့် လီဗာပူးကိုရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်။ 

ဗန်ဒီဗန်က "တော့တင်ဟမ်မှာလာကစားတဲ့သူတိုင်း တသက်လုံး ဆုဖလားရမှာမဟုတ်ဘူးလို့ အပြောခံရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကိုလာတဲ့ကစားသမားတွေက အသင်းကိုပြောင်းလဲပေးနိုင်ဖို့အတွက် စိတ်အားထက်သန်ကြတဲ့သူတွေပါ။ကျွန်တော်တို့ ဘီလ်ဘာအိုမှာ အသင်းအတွက်ပြောင်းလဲမှုပြုလုပ်ဖို့ ကြိုးစားသွားပါမယ်။ ဒီအသင်းက ကြီးမြတ်တဲ့အသင်းဆိုတာ မေ့ထားလို့မရပါဘူး"

"တော့တင်ဟမ်က ဆုဖလားတွေနဲ့ထိုက်တန်ပါတယ်။ ဒါက အမှန်တရားပါပဲ။ အသင်း လူစာရင်းရဲ့ အရည်အသွေးကလည်း ဆုဖလားတွေနဲ့ထိုက်တန်မှုရှိပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ရာသီကိုကျော်ဖြတ်ခဲ့ရပြီဖြစ်လို့ လက်ဆောင်ဆုဖလားတစ်လုံးနဲ့ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။