The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်ကို တိုက်ခိုက်နေတာမဟုတ်ကြောင်း ပေါလ်စခိုးလ် ငြင်းဆို

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်က သူ့ရဲ့အသင်းဖော်ဟောင်း မိုက်ကယ်ကာရစ်ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

ပေါလ်စခိုးလ်ဟာ မိုက်ကယ်ကာရစ်ကို နည်းပြအဖြစ် ခန့်အပ်တာအပေါ် ဝေဖန်မှုတွေ ရှိခဲ့သလို ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာလည်း ယူနိုက်တက်နည်းပြအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပုံ ရပါတယ်။

သူပြန်ဖျက်လိုက်တဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာ ပေါလ်စခိုးလ်က "ယူနိုက်တက်က ပြီးခဲ့တဲ့ ၄ ပွဲလုံးမှာ တကယ်ကို ညံ့ဖျင်းခဲ့ပေမဲ့ ရလဒ်ကောင်းတွေ ရနေတာကြည့်ရင် မိုက်ကယ်မှာ တစ်ခုခုတော့ ထူးခြားတာရှိနေတာ သေချာတယ်" ဆိုပြီး ရေးသားခဲ့တာပါ။

ဒါပေမဲ့ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ The Good, The Bad & The Football ပေါ့ဒ်ကတ်စ် အစီအစဉ်မှာတော့ ပေါလ်စခိုးလ်က "ဒါဟာ မိုက်ကယ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်ရည်ရွယ်ပြီး ပြောခဲ့တာ လုံးဝမဟုတ်ပါဘူး" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

"မိုက်ကယ်က ဘောလုံးလောကမှာ ခင်ဗျားတို့ တွေ့ဖူးသမျှထဲမှာ စိတ်သဘောထား အကောင်းဆုံးသူတွေထဲက တစ်ယောက်ပါ၊ သူက ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်ဆုံး နောက်ဆုံးလူပါပဲ။ ကျွန်တော် မိုက်ကယ်ဆီကို မက်ဆေ့ခ်ျပို့ခဲ့ပါသေးတယ်။ သူ့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး 'ကြည့်စမ်းပါဦး၊ ငါ မင်းကို စိတ်မကောင်းဖြစ်အောင် တမင်လုပ်တာ မဟုတ်ဘူးနော်' လို့ ပြောခဲ့ပါတယ်။ တကယ်တော့ အဲဒီလို ပြောစရာတောင် မလိုပါဘူး၊ သူကိုယ်တိုင်ကလည်း ဒီကိစ္စကြောင့် စိတ်မဆိုးပါဘူးလို့ ကျွန်တော့်ကို ပြန်ပြောခဲ့ပါတယ်" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် ပေါလ်စခိုးလ်က "လူတွေက ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ထက် တခြားစီ နားလည်သွားကြတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောချင်ခဲ့တဲ့ တစ်ခုတည်းသော အချက်က ယူနိုက်တက်က ပြီးခဲ့တဲ့ ၄ ပွဲမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမဲ့ သူကတော့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်နိုင်နေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြကြီး ရှိခဲ့တုန်းကလည်း တစ်ခါတလေမှာ ကံကောင်းဖို့ လိုတယ်လို့ သူ အမြဲပြောလေ့ရှိပါတယ်။ ဒါကြောင့် ပွဲအတွင်းမှာ လူထုတ်ခံရတာမျိုးတွေ ဒါမှမဟုတ် ဖြစ်ပျက်တတ်တဲ့ အခြေအနေတွေမှာ ကံလေးနည်းနည်းတော့ ပါဖို့လိုတယ်ဆိုတာကိုပဲ ကျွန်တော် ပြောချင်ခဲ့တာပါ" လို့ ဆိုပါတယ်။