The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာဟာ ယူနိုက်တက်အတွက် အကောင်းဆုံးခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ သုံးသပ်လာတဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပက်ထရစ်အီဗရာက ချယ်လ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာဟာ အသင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကိုးလ်ပယ်လ်မာဟာ ငယ်စဉ်ကတည်းက ယူနိုက်တက်ပရိသတ်တစ်ဦး ဖြစ်ရုံတင်မကဘဲ မန်ချက်စတာက သူ့ရဲ့သူငယ်ချင်းတွေကို လွမ်းဆွတ်နေတာကြောင့် ချယ်လ်ဆီးမှာ အခြေမကျဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကိုးလ်ပယ်လ်မာဟာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဝှိုက်တင်ရှောကို လွမ်းဆွတ်နေပြီး လန်ဒန်က လူနေမှုပုံစံနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း မိသားစုနဲ့ သူငယ်ချင်းတွေဆီ မကြာခဏ ပြန်လေ့ရှိကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ကိုးလ်ပယ်လ်မာဟာ မန်စီးတီးအသင်းဆီကို ဘယ်တော့မှ ပြန်သွားမှာမဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်လာတာကြောင့် သူ့ကို ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှုတွေ အားကောင်းလာစေခဲ့ပါတယ်။

ပက်ထရစ်အီဗရာက Stake နဲ့ အင်တာဗျူးမှာ ကိုးလ်ပယ်လ်မာကို ယူနိုက်တက်ဆီ ခေါ်ယူဖို့ ခက်ခဲနိုင်ပေမဲ့ သူသာ ရောက်လာခဲ့ရင် အသင်းအတွက် အားဖြည့်မှုကောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

"လူတိုင်းက ယူနိုက်တက်ပရိသတ်တွေ ဖြစ်နေကြပြီး ယူနိုက်တက်မှာတော့ မကစားရဘူးလို့ ကျွန်တော် ခံစားရပါတယ်။ ကလေးဘဝတုန်းကတော့ အသင်းတစ်သင်းရဲ့ ပရိသတ် ဖြစ်နိုင်ပေမဲ့ ဘောလုံးသမား ဖြစ်လာတဲ့အခါမှာတော့ ဒါဟာ ကွာခြားသွားပါပြီ။ ပယ်လ်မာက တက်သစ်စကြယ်ပွင့် တစ်ယောက်ဖြစ်သလို အရည်အချင်းရှိတဲ့သူပါ။ သူက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းအရှည်ကြီး ချုပ်ဆိုထားတာကြောင့် အသင်းကနေ ထွက်ခွာနိုင်မလားဆိုတာတော့ ကျွန်တော် မသေချာပါဘူး။ ဒါပေမဲ့ သူသာ ယူနိုက်တက်မှာ ကစားချင်တယ်ဆိုရင်တော့ ကျွန်တော်က လက်ကမ်းကြိုဆိုနေမှာပါ" လို့ အီဗရာက ဆိုပါတယ်။

"လက်ရှိမှာတော့ ကျွန်တော်က ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း တိုးတက်လာဖို့ကိုပဲ ပိုပြီး အာရုံစိုက်နေပါတယ်။ ပယ်လ်မာက ဒဏ်ရာတွေ အများကြီး ရထားဖူးတာကြောင့် ပုံစံကောင်း ပြန်ရဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်မှာ ကစားမယ်ဆိုရင် တစ်လလောက် ခြေစွမ်းပြရုံနဲ့ မရပါဘူး၊ တစ်နှစ်ပတ်လုံး ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ ဒါဟာ ဒီလိုအသင်းမျိုးမှာ ကစားရတဲ့ ဖိအားပါပဲ။ ယူနိုက်တက်မှာ ရှိတဲ့ ဖိအားတွေက ချယ်လ်ဆီးနဲ့ မတူတာကြောင့် ပယ်လ်မာ ရောက်လာရင် အသင်းကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်မလားဆိုတာတော့ ကျွန်တော် အတတ်မပြောနိုင်ပါဘူး" လို့ ဆက်ပြောပါတယ်။

"ပယ်လ်မာရေ... မင်းသာ အရင်တုန်းက ကားလို့စ်တီဗက်ဇ် ယူနိုက်တက်ကို စိတ်ပျက်အောင် လုပ်ခဲ့သလိုမျိုး မန်စီးတီးကို ပြန်ပြီး တုံ့ပြန်ချင်တယ်ဆိုရင်တော့ မင်းကို ကျွန်တော်တို့ဆီ လာဖို့ အမြဲတမ်း ကြိုဆိုနေပါတယ်" လို့လည်း အီဗရာက ပြောခဲ့ပါသေးတယ်။

ဒီနွေရာသီမှာ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာခဲ့ရင် ကိုးလ်ပယ်လ်မာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဝန်းကျင်အထိ ပေးရနိုင်ပြီး သူဟာ ယူနိုက်တက်ကို ဥရောပဝင်ခွင့် ယှဉ်ပြိုင်တဲ့အသင်းအဆင့်ကနေ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။