The network connection is lost.

Banner Image

နွေရာသီဈေးကွက်မတိုင်ခင် ဟယ်ရီကိန်းကို လုပ်ခလစာတိုးမြှင့်ထားမယ့် စာချုပ်သစ်ပေးအပ်ဖို့ ပြင်ဆင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဘိုင်ယန်မြူးနစ်အသင်းက သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားမှုအဖြစ် ဟယ်ရီကိန်းအတွက် စာချုပ်သစ်တစ်ခုပေးအပ်ဖို့ ပြင်ဆင်နေပါတယ်။

ဟယ်ရီကိန်းက အခု ၂၀၂၅-၂၀၂၆ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဂိုး၃၀ အထိ သွင်းယူထားပြီး ဂျာမန်ဘီလူးကြီးအတွက် စုစုပေါင်း ၁၃၃ ပွဲ ကစားပေးထားရာမှာ ဂိုး ၁၃၀ အထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ အင်္ဂလန်အသင်းခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို နောက်ထပ်နှစ်အနည်းငယ်ကြာသည့်တိုင်အောင် အသင်းမှာ ဆက်ရှိနေစေချင်ပြီး လက်ရှိသီတင်းတစ်ပတ်လုပ်ခ ပေါင်လေးသိန်းထက် ပိုမိုများပြားမယ့်လစာငွေကို တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ဟယ်ရီကိန်းက ဂျာမန်ထိပ်တန်းလိဂ်ရဲ့ လစာအများဆုံးကစားသမား ဖြစ်လာပါလိမ့်မယ်။

စိတ်ဝင်စားစရာကောင်းတာက ဘိုင်ယန်အသင်းဘက်က လစာငွေ အမြောက်အမြားတိုးမြှင့်ပေးဖို့ ပြင်ဆင်နေချိန်မှာပဲ ဇန်နဝါရီလကုန်ကာလမှာ သက်တမ်းကုန်ဆုံးသွားတဲ့ လက်ရှိစာချုပ်ပါ အသင်းမှထွက်ခွာခွင့် (release clause) အခွင့်အရေးကို အသုံးမပြုဖို့ ဟယ်ရီကိန်းကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအင်္ဂလန်ကြယ်ပွင့်ကစားသမားက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဝန်ဒေါစကီး သွင်းယူခဲ့တဲ့ ၄၁ ဂိုးစံချိန်ကို ချိုးဖျက်ဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာ ရာသီလက်ကျန်ပွဲစဉ်တွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

"ကျွန်တော်က စံချိန်တွေကိုပဲ ကြည့်ပြီး 'ဒီစံချိန်ကို အခု ချိုးဖျက်ရမယ်' လို့ ကိုယ့်ကိုယ်ကိုယ် မပြောပါဘူး။

ကျွန်တော် လုပ်တာကတော့ ပွဲစဉ်တွေကို အပိုင်းလိုက် ခွဲခြားလိုက်တာပါ။ ဥပမာ- အခုကနေ မတ်လနိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်အထိပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ငါးပွဲ ကစားဖို့ ရှိတယ်။ အဲ့ဒီအခါ 'ငါ ငါးဂိုး သွင်းနိုင်မလား' ဒါမှမဟုတ် တခြားအရေအတွက် တစ်ခုခုသွင်းနိုင်မလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါတယ်။

ကျွန်တော်က ပွဲတစ်ပွဲချင်းစီကို သေချာကြည့်ပါတယ်။ ချန်ပီယံလိဂ်လိုမျိုးပွဲစဉ်တွေက ပိုပြီး ခက်ခဲနိုင်သလို၊ အိမ်ကွင်းပွဲစဉ်တွေမှာကျတော့ 'အိုကေ၊ ဒီပွဲမှာတော့ ငါ ဂိုးတွေသွင်းနိုင်မှာပဲ' လို့ တွေးမိတဲ့ ပွဲစဉ်တွေလည်း ရှိပါတယ်။ အဲ့ဒီလိုမျိုးပဲ ကျွန်တော် ခွဲခြားစဉ်းစားပါတယ်။ လီဝန်ဒေါစကီးရဲ့စံချိန် ဒါမှမဟုတ် လေးပွဲဆက်နှစ်ဂိုးစီသွင်းဖို့ ဆိုတာမျိုးတွေကို သိပ်မကြည့်ပါဘူး။ ကျွန်တော် ဘာကိုရယူနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ပါတယ်။ တစ်ခါတလေ ဂိုးတွေအများကြီးသွင်းဖို့ ရည်မှန်းသလို၊ တစ်ခါတလေကျတော့လည်း နည်းနည်းပဲ ရည်မှန်းပါတယ်။ ဒါပေမဲ့ ငါးပွဲ ဒါမှမဟုတ် ခြောက်ပွဲတိုင်းအတွက် ပန်းတိုင်တစ်ခုစီတော့ အမြဲတမ်းသတ်မှတ်ထားလေ့ ရှိပါတယ်" လို့ ဟယ်ရီကိန်းက ပြောပါတယ်။